ဝေးလွှင့် ကြယ်စင်




“တာရာ ဒီနေ့ ၀ါဝါ၀င်းလဲ့ ရဲ့ မွေးနေ့ဟ.. ”

“အော် ဟုတ်လား .. အင်း ဒီတော့ နင်ကဘာပေးမလို့လဲ နယုန် ” သူမရဲ့ အမေးစကားအဆုံး

“ဘာပေးရမှန်း ငါလဲမသိဘူး.. သူက နံမည်ကြီးမော်ဒယ်ဆိုတော့ သူ့မွေးနေ့ကို ဒီညနေမှာ ဟိုတယ် တစ်ခုမှာလုပ်မှာ ဒီတော့ ငါကလဲ သူ့ကို လက်ဆောင်ကောင်းကောင်းလေး ပေးချင်တယ် အဲဒါ နင်စီစဉ်ပေး…”
အညှာအတာ ကင်းမဲ့သော နယုန်ရဲ့ စကားလုံးတွေက ဓားထက်ထက်တစ်စင်းလို သူမရင်ခွင်ကို ကွဲအက်စေခဲ့သည်… သို့သော် နယုန်ကို မျက်နှာမညိုစေချင်သော သူမရဲ့ စိတ်အရင်းခံကြောင့် တိုးတိတ်ဖျော့တော့သော အသံလေးဖြင့် “အင်းလေ.. နင်… ညနေ လာယူလိုက် .. ငါအကောင်းဆုံး စီစဉ်ထားပေးမယ်..”

“အိုကေ.. ပြီးရော ဒီလိုဆို ငါပြန်တော့မယ်..”

ထွက်ခွာသွားသော နယုန်ရဲ့ ကျောပြင်ကိုကြည့်ရင်း ၀မ်းနည်းစိတ်၊ နာကျင်စိတ်များဖြင့် သူမမျက်ဝန်းမှာ မျက်ရည်များ အိုင်ဖွဲ့လာသည်။ သူမဆိုသော တာရာကြယ်စင်နှင့် နယုန်မိုး ဟူသော သူမချစ်ခင်ရပါသော ကောင်လေးတို့သည် အိမ်နီးချင်း သူငယ်ချင်းများ ဖြစ်ကြသလို သူမဘ၀၏ တစ်ဦးတည်းသော ချစ်ခင်မြတ်နိုးရသည့် ချစ်သူလည်း ဖြစ်ပါသည်.. ၁၀တန်းအောင်ပြီးချိန်တွင် သူမတို့ဘေးအိမ်သို့ နယုန်တို့ မိသားစု ပြောင်းရွေ့လာခဲ့သည်.. ထိုကတည်းက သူမနှင့် နယုန်တို့ သူငယ်ချင်းများ ဖြစ်ခဲ့သည်.. စတွေ့သည့်ချိန်မှ စ၍ နယုန်သည် သူမ၏နှလုံးသားကို စိုးမိုး သိမ်းပိုက်ခဲ့သည်.. သူမရင်ထဲသို့ နယုန်မှတစ်ပါး အခြား မည်သူမှ ၀င်ရောက်ခွင့် မရနိုင်ခဲ့… သူမ နယုန်ကို သိပ်ချစ်ခဲ့သည်.. သူငယ်ချင်းသံယောဇဉ်နှင့်ရော၊ ချစ်သူတစ်ယောက်လိုပါ မက်မက်စက်စက် ချစ်ခဲ့မိသည်.. နယုန် ပြောသမျှ စကားအားလုံးကို သူမလေးနက်စွာ နားထောင်တတ်ခဲ့သည်.. တန်ဖိုးထားတတ်ခဲ့သည်။ နယုန့်အတွက် လိုအပ်ချက်မှန်သမျှ သူမ ဖြည့်ဆည်းပေးချင်မိသည်.. ဖြည့်ဆည်းပေးနိုင်အောင်လည်း ကြိုးစားမိခဲ့သည်..

နယုန်ဆိုသည့် သူကတော့ အချစ်ဆိုတာကို အလေးအနက် မထားတတ်ခဲ့သူ၊ သူကိုယ်တိုင်ကလည်း ပါးစပ်က အခါများစွာပြောခဲ့ဖူးသည်.. ဘယ်မိန်းခလေးကိုမှ အလေးအနက် မထားနိုင်ပါ။ ဘယ်သူ့ကိုမှ တန်ဖိုးမထားပါဟူ၍။ သူမရဲ့ ချစ်ခြင်းမေတ္တာကို နယုန်တစ်ယောက် တစ်ချိန်ချိန် နားလည် သဘောပေါက်လာပြီး ထိုအခါတွင် သူမကဲ့သို့ နှစ်နှစ်ကာကာ ချစ်တတ်လာလိမ့်မည်ဟူသော မျှော်လင့်ချက်ကလေးဖြင့် သူမချစ်ခြင်းတွေကို အရောင်တောက်ပလို့ နေစေခဲ့မိပါသည်။ ထို မျှော်လင့်ချက်ကလေး တစ်ခုကို ဆုပ်ကိုင်ရင်း နယုန့်အပေါ် သူမချစ်ခဲ့မိပါသည်။

သူမဘက်က ချစ်လွန်း၍သာ နယုန်နှင့်သူမက ချစ်သူတွေဟု ပြောနိုင်သော်လည်း သူမအပေါ် နယုန်က မည်သည့်အခါမှ အလေးအနက် မရှိပါ။ သူမ ချစ်ခြင်းများကို တစ်ရံတစ်ဆစ်မျှ အသိအမှတ်ပြုခြင်းလည်း မရှိတတ်ခဲ့.. နယုန့်မှာ မိန်းခလေးများစွာနှင့် ပါတ်သက်ဆက်နွယ်မှုများစွာ ရှိခဲ့သည်။ ယခုလဲ ရှိနေဆဲ.. ဒါတွေကိုလဲ တာရာဆိုသည့် သူမက မသိ၍မဟုတ်၊ သိသိကြီးနှင့် သူမချစ်ခြင်းများကို မမြိုသိပ်နိုင်စွာ နယုန့်ကို ချစ်ခဲ့ခြင်းသာပါ၊ သူမဘေးမှာ ရှိနေရက်နှင့် အခြားကောင်မလေးများနှင့် ဖုန်းပြောဖို့ ဘယ်ခါမှ ၀န်မလေးတတ်ခဲ့သလို ဖုန်းပြောချိန်တွင် ဘေးနားမှာ သူမရှိသည်ဟူ၍လည်း သတိမရတတ်ခဲ့သော နယုန်ရဲ့ စရိုက်က သွေးအေးလွန်းလှသည်။ သူမကို နူးညံ့ချိုသာသော စကားလုံးများနှင့်လည်း ဘယ်တော့မှ မပြောခဲ့ဖူးပါ။ နယုန်နှင့်ချစ်သူဘ၀ဆိုသည်မှာ ကြည်နူးစရာအချိန်များ ဘာမှကို မရှိသလောက်ဖြစ်ခဲ့ရသည်။

သူမနှင့် ရှိနေချိန်တွင် အခြား ကောင်မလေး တစ်ယောက်ယောက် ဖုန်းဆက်ခေါ်လျှင် ကောက်ခနဲ ထသွားဖို့လည်း ဘယ်ခါမှ ၀န်လေး တွန့်ဆုတ်ခြင်း မရှိခဲ့ပါ။ သူ့မှာ ချစ်တတ်သော နှလုံးသားတစ်စုံမှ ပါလာရဲ့လားဟုပင် သံသယဖြစ်စရာ၊ ထိုအခါမျိုးတွင် စိတ်ဆိုးစိတ်ကောက်မည်ဟုတော့ မစဉ်းစားနှင့်၊ သူမစိတ်ကောက်နေသည်ကို နယုန်က သိပင်မသိ.. စိတ်ဆိုးလျှင်လည်း ချော့မည့်သူမဟုတ်.. ဒီတိုင်းထားခဲ့သူဖြစ်သည်။ သူမ ကသာ မနေနိုင်၍ စိတ်ဆိုးပြေကာ ပြန်ခေါ်ရသည်။ စိတ်ဆိုးလျှင်လည်း ဘာမှ မထူးသည့်အတူတူ ဘာမှ မဖြစ်သလို နေလိုက်တာကာ ပိုကောင်းပါလိမ့်မည်၊ နယုန် စိတ်ရှုပ်ထွေးမည်ကိုလည်း သူမ မလိုလားပါ သူနေတတ်သလို နေပါစေတော့ဟူ၍သာ သဘောထား မိတော့သည်။

သူ၏ များပြားလှသော ရည်းစားများအကြောင်း သူမသိနေခဲ့သလို ၊ အသစ်တစ်ယောက် ရှိလာတိုင်းလဲ သူမ သိအောင် ပြောပြတတ်ခဲ့သည်။ ခုလဲ သူ၏ ရည်းစားများထဲမှ တစ်ယောက်ဖြစ်သော ၀ါဝါ၀င်းလဲ့၏ မွေးနေ့အတွက် လက်ဆောင်ပေးဖို့ သူမကို လာစီစဉ်ခိုင်းနေခြင်းဖြစ်သည်.. ဒီလိုအဖြစ်တွေသည် သူမအတွက်တော့ သိပ်မဆန်းတော့သည့် အကြောင်းတွေသာဖြစ်ပြီး နာကျင်ရလွန်း၍လည်း သူမ စိတ်နှလုံး တစ်ခုလုံး ထုံကျင်လို့ နေခဲ့ပါပြီ။ ကိုယ်ချစ်ရသူက တစ်ခြားမိန်းခလေးကို ကြင်နာတာ၊ အလေးအနက်ထားတာ ဘယ်လိုမိန်းခလေးက ပျော်ရွှင်စွာ ကြည့်နေနိုင်ပါ့မလဲ...  သို့သော်ဘာဘဲဖြစ်ဖြစ် နယုန်စိတ်ချမ်းသာဖို့ သူမ လုပ်ပေးမည်သာ ဖြစ်ပါသည်။ နယုန့်ကို ချစ်သောအချစ်သည် သူ့အတွက် အရိပ်တကြည့်တကြည့်ဖြင့် သူလိုအပ်တာ မှန်သမျှ တိတ်ဆိတ် တိုးတိတ်စွာ ဖြည့်ဆည်းပေးချင်သော ချစ်ခြင်း သက်သက်သာ ဖြစ်ပါသည်… ရည်းစားများသော နယုန်သည် တစ်ချိန်ချိန်တွင် ထိုသူများကို ထားခဲ့ပြီး သူမတစ်ယောက်တည်းအပေါ် သံယောဇဉ် ပိုလာလိမ့်မည် ဟု မျှော်လင့်ချက်ကလေး ထားခဲ့မိသည်…

သူ့ရည်းစားသစ်ကလေး မွေးနေ့လက်ဆောင်ပေးဖို့ သူမကို စီစဉ်ခိုင်းသော နယုန့် ရက်စက်မှုကို သူမ စိတ်မနာနိုင်ပြန်။ ထိုနေ့နေ့လည်တွင် စူပါမားကက်တစ်ခုကို သွားရောက်ပြီး Pleasures ရေမွှေး တစ်ပုလင်းကို ၀ယ်ယူ၍ ပါကင်လှလှလေးဖြင့် ထုတ်ပိုးပြီး ကာနေးရှင်းပန်းများနှင့် လီလီပန်းလေးများ ရောစပ်ကာ လှပသေသပ်သော ပန်စည်း လှလှလေးတစ်စည်းကိုပါ သူမ ပြင်ဆင်ထားပေးခဲ့သည်။ ညနေ နယုန်ရောက်လာချိန်တွင် လက်ဆောင်လေးက အဆင်သင့်ဖြစ်နေခဲ့သည်.. “ဘယ်လောက်ကျလဲ” ဟုမေးကာ ကျသင့်ငွေကို ပေးထားခဲ့ပြီး ကျေးဇူးစကားတစ်ခွန်းနှင့် သူမကို နှုတ်ဆက်ကာ လက်ဆောင်လေးကိုယူပြီး နယုန် ပြန်ထွက်သွားတော့သည်။ မွေးနေ့ပွဲသွားမည့်ဟန်က ရှိုးအပြည့်နှင့်။ ကိုယ့်ချစ်ရသူက တစ်ပါးသော မိန်းခလေးတစ်ယောက်ရဲ့ မွေးနေ့ပွဲကို သွားမည့်အဖြစ်က နာကျင်စရာ.. ပြီးတော့လဲ ဒီလက်ဆောင်ကို သူမ ဘယ်လိုခံစားချက်၊ ဘယ်လို နှလုံးသားမျိုးနှင့် စီစဉ်ခဲ့ရသည်ကို ယောင်လို့ပင်တွေးမိမည်.. ကိုယ်ချင်းစာမိမည် မထင်ပါ… နယုန်ဟာ သူမရဲ့ ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်တတ်ခဲ့သူသာ ဖြစ်ပါသည်။

နယုန်နှင့် သူမတို့သည် ချစ်သူများဟုဆိုသော်လည်း ချစ်သူတွေ သွားလာနေကျ နေရာများကို မည်သည့်အခါမှ သွားခွင့်မရခဲ့သလို နယုန့်လက်ကိုတွဲ၍ လူတွေကြား သွားလာခွင့်လည်း သူမအတွက် ဘယ်ခါမှ မရှိခဲ့ပါ။ နယုန့်ချစ်သူတွေကလည်း သူမကို နယုန်၏ သူငယ်ချင်း တာရာကြယ်စင် ဟူ၍သာ သိကြပါသည်။ တစ်ခါတစ်လေများ နယုန့်ရည်းစားများအတွက် ရှိုးပွဲလက်မှတ်ကစလို့ ရထားလက်မှတ်၊ ကားလက်မှတ် စသဖြင့် စီစဉ်ပေးခဲ့ရဖူးပါသေးသည်။ သူမအကြောင်း အတွင်းသိ အစင်းသိ သူငယ်ချင်းများက ဒီလောက် အောက်ကျ နောက်ကျ ဖြစ်ရသော နယုန်ရဲ့ ချစ်သူဘ၀ကနေ ရုန်းထွက်ဖို့ စေတနာနှင့် ၀ိုင်းပြောကြသော်လည်း သူမကိုယ်တိုင်က မရုန်းထွက်နိုင်ခဲ့၊ ရုန်းမထွက်ချင်ခဲ့၊ တစ်ချိန်ချိန်မှာ သူမ စေတနာ၊ သူမ မေတ္တာကို နယုန် မြင်တွေ့လာမည်.. သူမကိုလည်း သူမနှင့် ထပ်တူ ချစ်လာလိမ့်မည်ဟူသော ယုံကြည်ချက်ကိုသာ ခိုင်ခိုင်မာမာ ပြောရင်း ခေါင်းမာနေခဲ့သည်သာ။

တက္ကသိုလ်ရက်များအတွင်း စာမေးပွဲနီးလျှင် နယုန့်ကို ကျောင်းတက်ရက်မှန်ဖို့၊ စာကျက်ဖို့. ကျူရှင်မပျက်ကွက်ဖို့ အချိန်တိုင်းသတိပေးနေခဲ့သည်။ ညဆိုလျှင် နယုန် စာကျက်မကျက် ဖုန်းဆက်ရင်း လှမ်းလှမ်းမေးရသည်။ အတန်းမတူသော နယုန့်အတွက် ကျက်စရာစာများ မှတ်စုများကို သူမ ရအောင် စုဆောင်းပေးခဲ့သည်။ စာမေးပွဲအတွက် အရေးကြီးသည့် အပုဒ်များကိုလည်း သိအောင် သူမ ကြိုးစားပေးတတ်ခဲ့သည်၊ အတန်းတက်ရမည့်ရက်များတွင် မနက်ကျောင်းမှီဖို့ သူမ ဖုန်းဆက်ကာ နယုန်ကို အိပ်ရာမှ နိုးလေ့ရှိခဲ့သည်။ ထိုသို့ဖုန်းဆက်လျှင် နယုန်က သူမကို ဒေါသတကြီး တုံ့ပြန်တတ်သေးသည်။ နေရာတကာ ဆရာကြီး လုပ်လွန်းသည်၊ ပူညံပူညံလုပ်တတ်သည်၊ သူ့မိဘတွေရှေ့ နံမည်ကောင်း ယူလွန်းသည်ဟု အမြဲတမ်း အပြစ်မြင်နေတတ်ခဲ့သည်.. သူမရင်ထဲက စေတနာကို ဘယ်အရာကများ သူ မမြင်နိုင်အောင် ဖုံးကွယ်နေတတ်ခဲ့သည်ကို စဉ်းစားမရခဲ့ပါ။

တစ်ရက်တော့ သူမတို့၂ယောက်အကြောင်း ရိပ်မိသော မေမေက သူမကို နယုန်နှင့် ဘယ်လို အနာဂတ်မျိုးကို ဖန်တီးဖို့ စီစဉ်ထားလဲဟု မေးလာပါသည်.. ထိုအမေးအတွက် သူမတွင်အဖြေမရှိခဲ့ပါ၊ နယုန်က သူမကို သူ့ဘ၀အတွက် လက်တွဲဖို့ ရည်ရွယ်ချက် ရှိမရှိ သူမ မသိနိုင်ခဲ့ပါ။ ခန့်မှန်းရသလောက်တော့ သူမကသာ လေးနက်စူးနစ်စွာ ခိုင်ခိုင်မာမာ ချစ်ခဲ့ရသော်လည်း နယုန်ကတော့ သူမကို အလေးအနက် ထားစရာ သူတစ်ယောက်အဖြစ် မသတ်မှတ်သည်မှာ သေချာသလောက် ရှိပါသည်။ ကျောင်းပြီးလျှင် လက်ထပ်မည်ဟူ၍လည်း နယုန့် နှုတ်က တစ်ခွန်းမှ မပြောခဲ့ဖူးပါ။ ချစ်တယ် ဆိုသည့်စကားကိုပင် သုံးလေ့မရှိသလောက် နယုန့်နှလုံးသားက အေးစက်လွန်းလှသည်။ မိန်းခလေးတိုင်းက ကိုယ်ချစ်သည့်သူနှင့် လက်ထပ်ချင်ကြသည်။ မြတ်နိုးစွာ ပေါင်းဖက်ချင်သည်ကို နယုန်သိအောင် မိန်းခလေးတန်မဲ့ ဘယ်လိုအင်အားနှင့် ပြောထွက်ရမည် မသိခဲ့ပါ။ တကယ်တမ်းက ယောက်ျားလေးဘက်က လိုလိုလားလား ပြောလာဖို့ကိုသာ သူမမျှော်လင့်ခဲ့မိပါသည်။

“သမီးတို့ လက်ထပ်ဖို့ မရည်ရွယ်သေးဘူးဆိုရင်လည်း မကြာခင် E major နဲ့ သမီးကျောင်းပြီးတော့မယ်။ ဒါကြောင့် အခုတက်နေတဲ့ ADBA ( Advanced Diploma in Business Administration ) ပြီးသွားရင် အင်္ဂလန်မှာ ကျောင်းဆက်တက်ပါလား၊ သမီးအဒေါ်ကလဲ မေမေ့ကို တိုက်တွန်းနေတယ် သူ့ဆီကို လွတ်လိုက်ဖို့ကိုပေါ့ သမီးသေချာစဉ်းစားလေ ကိုယ့်ဘ၀အတွက် ဘယ်လမ်းက အဆင်ပြေဆုံး ဖြစ်မယ်ဆိုတာကို၊ သမီးကို မေမေတို့က သမီးကိုယ်တိုင် လွတ်လပ်စွာ စဉ်းစားတာဘဲ ဖြစ်စေချင်တယ် အတင်းအကြပ် ချုပ်ကိုင်တာမျိုး မလုပ်ချင်ဘူး၊ သမီးမှာ စဉ်းစား ဆင်ခြင်တတ်တဲ့ ဦးနှောက်တစ်စုံ ရှိနေတယ် ဒီဦးနှောက်ကို အသုံးချပြီး ဘ၀အတွက် စဉ်းစားစေချင်တယ် ဒီတော့ သမီးဆုံးဖြတ်ပါ.. သွားမယ်ဆိုရင် ခုကတည်းက ပြင်ဆင်စရာရှိတာ ပြင်ဆင်ရတော့မှာမို့ သေချာတဲ့ဆုံးဖြတ်ချက်တစ်ခု ပြတ်ပြတ်သားသား ချဖို့ကြိုးစားပါ။ ဆုံးဖြတ်ပြီးရင်တော့ နောက်ဆုတ်ဖို့၊ ပြင်ဆင်ဖို့ မကြိုးစားနဲ့တော့ သမီး မဆုံးဖြတ်ခင်သာ သေချာစဉ်းစား ” စကားအဆုံးမှာ မေမေက သူမရဲ့ခေါင်းကလေးကို ပုတ်ကာ ထွက်သွားတော့သည်။
သူမမေမေသည် သူမ အရွယ်ရောက်ကတည်းက ဘယ်သောခါမှ သူမကို တင်းတင်းကြပ်ကြပ် မအုပ်ချုပ်ခဲ့၊ ချင့်ချိန်စဉ်းစားတတ်အောင် အမြဲတမ်း သူမကို သင်ကြားပေးခဲ့သည်.။ ထိုအတွက် သူမမေမေ့ကို ကျေးဇူးတင်ရပါသည်။ ခုလဲ အခြေအနေကို မေမေက ရိပ်စားမိပုံပေါ်သည်။ သို့သော် သူမကို အပြစ်မတင်၊ အတင်းအကြပ် မတိုက်တွန်းပါ။ သူမကိုယ်တိုင် စဉ်းစားနိုင်ဖို့သာ လမ်းကြောင်းပေးသွားခဲ့သည်။ ပညာရေးအတွက် နိုင်ငံရပ်ခြားကို ပညာသင်ဖို့ သူမ ဆန္ဒရှိပါသည်။ သို့သော် သူမချစ်သော နယုန်ကို ဘယ်လိုအင်အားမျိုးနှင့် ခွဲခွာ၍ ထွက်သွားနိုင်ပါ့မလဲ၊ စဉ်းစားလို့ ခက်လွန်းလှသည်။

ထိုနေ့ ညတွင် နယုန့်ကို ထိုကိစ္စ သူမဖုန်းဆက်၍ ပြောပြသောအခါ နယုန့်ထံမှ အေးတိ အေးစက်စကားသံနှင့် “ကောင်းသားဘဲ.. နင်သွားချင်သွားလေ၊ ငါတော့ ဘာမှ ပြောစရာမရှိပါဘူး၊ နင့်ဘ၀အတွက် နင်ကောင်းသလို ဆုံးဖြတ်ပေါ့” ဟူသောစကားကိုသာ သူမပြန်ရလိုက်သည်.. သူမ မျှော်လင့်သော နင်မသွားပါနဲ့လား။ ငါ့ကို ခွဲမသွားပါနဲ့လား ဆိုသည့် စကားမျိုးကတော့ ဝေလာဝေး.. ရေခဲတမျှ အေးစက်လှသော နွေးထွေးခြင်းကင်းသည့် စကားသံတို့က မြှားတစ်စင်းလို့ သူမနှလုံးသားကို ထုတ်ချင်းခတ် နာကျင်စေလှသည်။

သို့သော်လည်း အမှတ်သည်းခြေမရှိသော သူမကတော့ နိုင်ငံခြားသွားဖို့ကိစ္စကို သူမ မိခင်ကို အဖြေမပေးသေးဘဲ သူမချစ်သော နယုန်တစ်ယောက် ပြောင်းလဲလာနိုးနှင့် မျှော်လင့်ချက် ထားမိနေတုန်းသာ။ နယုန်ကတော့ သူမ တက်နေသော ADBA စာမေးပွဲအတွက် သူမစာကျက်နေရသော အချိန်တွေတွင်ပင် နယုန်က သူမထံရောက်မလာခဲ့၊ ဖုန်းပင်ဆက်ဖော်မရ.။ သူမစိတ်ထဲ နာကျင်ဝမ်းနည်းစိတ်နှင့် နယုန်ထံ ဖုန်းဆက်မိတော့ နွေးထွေးခြင်းမရှိလှသော လေသံက သူမကို ပိုလို့သာ နာကျင်စေခဲ့သည်.. မနေနိုင်၍ ဖုန်းဆက်မိသည်.. ဖုန်းဆက်ပြန်လျှင်လည်း နွေးထွေးခြင်းမရှိသော လေသံကို နားထောင်ရင်း ၀မ်းနည်း နာကျင်ရပြန်သည်။

“နယုန် နင်က ငါစာမေးပွဲနီးလို့ စာကျက်နေတာတောင် သတိတရ လာလည်ဖော်၊ ဖုန်းဆက်ဖော် မရဘူး။ ဘာတွေအလုပ်ရှုပ်နေလို့လဲ နင် တစ်ခြားကောင်မလေးတွေနဲ့ ရှုပ်နေတာဘဲလား၊ ငါ့အတွက် ခဏတစ်ဖြုတ်တောင် အချိန်မပေးနိုင်ဘူးလား ”

“ဟာ…စိတ်ရှုပ်ရတဲ့အထဲ ဘာတွေ လာကြပ်နေတာလဲကွာ… နင် ဒီလို စိတ်ရှုပ်စရာတွေပြောမယ်ဆိုရင် ငါ့ဆီ ဘယ်တော့မှ ဖုန်းမဆက်နဲ့… ခုလို ရန်တွေ့တဲ့ စကားတွေပြောတာ၊ ငါ့အကြောင်း စပ်စုတာတွေကို ငါမကြိုက်ဘူးလို့ နင့်ကို ပြောထားခဲ့တယ် မဟုတ်လား.. နင်စာမေးပွဲနီးတာ ငါဘာလုပ်ပေးနိုင်မှာလဲ.. နင့်စာနင်ကျက်ပေါ့… ပြီးတော့ ငါဘယ်ကောင်မလေးတွေနဲ့ ရှုပ်ရှုပ် နင်ပြောစရာ ဘာအကြောင်းမှ မရှိဘူး.. နင့်မှာ ပြောပိုင်ခွင့်မရှိဘူး။ ဒါ ငါနေတတ်သလိုနေတာ။ ငါပျော်သလိုနေတာ နင်ဘာမှ ၀င်စွက်ဖက်စရာ အကြောင်းမရှိဘူး။ ငါဘာလုပ်နေလဲ၊ ဘယ်သွားမလဲ၊ ဘယ်သူနဲ့လဲ ဆိုတာတွေ ဘယ်တော့မှ မမေးနဲ့။ ”

“ဘယ်လိုပြောလိုက်တာလဲ နယုန် နင်နဲ့ငါက ချစ်သူတွေမဟုတ်ဘူးလား.၊ ချစ်သူတွေဆိုတာ တစ်ယောက်ကိစ္စ တစ်ယောက် ၀င်စွက်ဖက်ခွင့်ရှိတာဘဲ။ နင့်ကိုငါ ဒီလောက်လေးမှ ပြောခွင့်မရှိတော့ဘူးလား။ မေးခွင့်မရှိဘူးလား။ ” သူမ လေသံက အနည်းငယ်တော့ မာကောင်း မာသွားပါလိမ့်မည်။

“မရှိဘူး မပြောနဲ့ ငါမကြိုက်ဘူး။ ငါနေတာ ထိုင်တာ၊ ငါရှုပ်တာကို နင်မကြိုက်ရင် နင်ကြိုက်တဲ့အချိန် ငါ့အနားက ထွက်သွားလို့ရတယ်.. ငါကတော့ ခုလိုနေတာကို ပြင်ဖို့စိတ်ကူးကို မရှိတာ၊ ငါရည်းစားများတာကို နင်အရင်ကတည်းက သိသားဘဲ။ သိရက်နဲ့ နင်က ပါတ်သက်ခဲ့တာ၊ နင်ချစ်ခဲ့တာ ခုမှ ဘာဖြစ်တယ် ညာဖြစ်တယ် လာမပြောနဲ့.. ”

“ဟုတ်တယ် နင်ရည်းစားများမှန်း ငါသိတယ်.. သိရက်နဲ့ ငါချစ်ခဲ့တယ်.. နင့်ကို ခွင့်လွှတ်ခဲ့တယ်.. ငါနဲ့ ချစ်လာပြီးတဲ့ နောက် တစ်ဖြေးဖြေး နင်ပြင်လာလိမ့်မယ် ထင်ခဲ့တယ်.. ”

“မရူးချင်စမ်းပါနဲ့… ငါ့အကျင့်စရိုက်ကို ဘယ်တော့မှ ပြင်ဖို့စိတ်ကူးမရှိဘူး… ဒါဘဲမဟုတ်လား. ငါမအားသေးဘူး သွားစရာရှိတယ်.. ဖုန်းချတော့မယ်.. ”

ပြောပြောဆိုဆို နယုန်က ဖုန်းချသွားတော့သည်။ သက်ပြင်းကို ချလိုက်ရင်း ၀ဲလာသော မျက်ရည်တို့ကို အားတင်းကာ ဖယ်ထုတ်လိုက်ရသည်။ နယုန်ကို ချစ်မိခြင်းသည် သူမအတွက် ၀ဋ်ကြွေးတစ်ခုသာ ဖြစ်ပါလိမ့်မည်.. မည်သည့်အခါမှ မရခဲ့ဖူးသော ပျော်ရွှင်ကြည်နူးရခြင်းကို သူ့ထံမှ မျှော်လင့်နေခြင်းသည် ရူးသွပ်မိုက်မဲခြင်းသာ ဖြစ်ပါလိမ့်မည်၊ အချစ်ကို လေးနက်စွာ တန်ဖိုးထားချင်သော၊ ချစ်သူကို ဘ၀တစ်ခုလုံးနှင့်ထပ်တူ တန်ဖိုးထားချင်ခဲ့သော သူမအတွက်တော့ နယုန့်အချစ်တို့သည် နာကျင်စရာ များကိုသာ ပေးတတ်သော အရာတစ်ခုမျှသာ ဖြစ်နေခဲ့ပြီ.. ချစ်သူတွေဆိုတာ တစ်ယောက်အကြောင်း တစ်ယောက် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် မျှဝေခံစားသူများ ဖြစ်သင့်ကြသော်လည်း နယုန်ဆိုသည့် သူကတော့ သူ့အကြောင်း မေးလျှင်တောင် စပ်စုသည်ဆိုကာ မကြိုက်ဖူးဆိုလျှင်ဖြင့် လူ၂ယောက်ရဲ့ စိတ်ချင်း၊ နှလုံးသားချင်း နီးစပ်ပတ်သက်မှုသည် မည်ကဲ့သို့ အဓိပ္ပါယ်ရှိပါတော့မည်လဲလေ။ နယုန်နှင့် သူမတို့၂ယောက် အချစ်သည် သူမ လိုချင်ခဲ့သော၊ မျှော်လင့်ခဲ့သော မြတ်နိုးတန်ဖိုးထားဖွယ်၊ အားကျဖွယ် အချစ်တို့ဖြင့် ဖြစ်မလာခဲ့သည်မှာ ၀မ်းနည်းဖွယ်ကောင်းလှပါသည်။
တစ်ခါတစ်ရံ သူ့ထံ ဖုန်းဆက်မိချိန်တွေပင် သူမတို့၂ယောက်ကြား စိတ်ဆိုးရခြင်း၊ ဒေါသဖြစ်ရခြင်းများနှင့် အဆုံးသတ်ရသည်သာ များလာသည်။ အမြဲတမ်း အလိုမကျ ဖြစ်နေတတ်သော နယုန့်စိတ်ကို သူမ လိုက်မမှီနိုင်ခဲ့။ မည်သူနှင့် မကျေမလည်ဖြစ်ခဲ့သည် ဖြစ်စေ ၊ ပြဿနာများအား သူမကိုသာ ပုံချတတ်လာသည်။ သူမဘက်က ပြေလည်အောင်ကြိုးစားလည်း နယုန့်စကားတို့က ရင့်ရင့်သီးသီး ဖြစ်လာတတ်သည်။ ထိုအချိန်တိုင်း သူမရင်ထဲ နာကျင်ခြင်းတွေ တစ်ရစ်ပြီး တစ်ရစ် တက်လာခဲ့သည်။ ထို့ကြောင့် နောက်ပိုင်းတွင် တတ်နိုင်သမျှ နယုန်နှင့် ခပ်ဝေးဝေးသာ သူမ နေမိတော့သည်။ အရင်ကလို နယုန့်ထံ နေ့စဉ်ဖုန်းဆက်ဖို့လဲ သူမ မကြိုးစားတော့ပါ။ သတိရခြင်းတွေကို ရင်ထဲမှာသာ သူမဘာသာ မြိုသိပ်တတ်လာသည်။

ဒီလိုနှင့် သူမကို ဆုံးဖြတ်ချက်ချဖို့ မေမေက ထပ်မံတိုက်တွန်းလာပြန်သည်။ ဆုံးဖြတ်ပြီးလျှင် သူမလုပ်စရာ ရှိသည်များ လုပ်ရတော့မည်။ နောက်ဆုံးသော ကောက်ရိုးတစ်မျှင်ကဲ့သို့သော မျှော်လင့်ချက်ကလေးဖြင့် နယုန့်ထံ သူမဖုန်းဆက်မိတော့သည်.။ ဒီတစ်ခါ နယုန့်စကားများသည် သူမဘ၀ခရီးအတွက် အဆုံးအဖြတ်သာ ဖြစ်စေလိမ့်မည်။

“နယုန်.. မေမေက ငါ့ကို ကျောင်းတက်ဖို့ကိစ္စ ဆုံးဖြတ်ခိုင်းနေပြီ။ နင်ငါ့ကို ဘာမှ ပြောစရာမရှိဘူးလား။ ငါသွားမယ်ဆိုရင် နင်ငါနဲ့ ခွဲနိုင်တာ သေချာလား၊ အခု ငါ ဆုံးဖြတ်ချက်ချရတော့မယ်. နင့်ဘ၀မှာ ငါတစ်ယောက်တည်းကို ချစ်နိုင်မယ် ငါ့ကိုဘဲ သစ္စာရှိမယ်ဆိုရင် ငါ နိုင်ငံခြား မသွားဘူး.. နင့်အနားမှာဘဲ အမြဲနေမယ်.. နင့်ကိုဘဲ တစ်သက်လုံး ချစ်သွားမယ်.. နင့်ဆုံးဖြတ်ချက်ကို ငါသိချင်တယ်.. ”

“လာပြန်ပြီ.. နင်က ငါ့ကို ချည်နှောင်ဖို့ ကြိုးစားချင်တာလား တာရာ.. ဆောရီးဘဲ .. ငါက ငါ့ကို ချည်နှောင်တာကို မကြိုက်ဘူး.. ငါဆိုတဲ့ကောင်က တစ်ယောက်တည်းကိုဘဲ အရူးအမူး ချစ်တတ်တဲ့ကောင် မဟုတ်ဘူး.. ” သူ့လေသံက ခါးသက်လှသည်..

“ငါမရှိရင် နင်ဖြစ်ပါ့မလား.. ငါသွားလိုက်မယ်ဆို နင်ငါ့ကို သတိရ မနေဘူးလား.. ပြီးတော့ နင်ဘယ်လိုမှ မခံစားရဘူးလား” ဟု မျှော်လင့်စိတ်ကလေးနှင့် သူမမေးလိုက်လျှင်တော့

“အဟက်.. နင်မရှိလို့ ငါက ဘာဖြစ်သွားမှာတုန်းဟ.. အေးဆေးပါ.. ငါ့ဘ၀မှာ မရှိမဖြစ်ဆိုတဲ့ မိန်းမ တစ်ယောက်မှ မရှိဘူး.. နင်မရှိလဲ ငါ့မှာ ရည်းစားတွေပြည့်လို့.. ခုလက်ရှိတွေရော.. တန်းစီနေတဲ့ အသစ်တွေရော အများကြီး။ ပြီးတော့ ခုငါနဲ့ ရည်းစားဖြစ်နေတဲ့ ၀ါဝါ၀င်းလဲ့က ငါ့အပေါ်သိပ်ကောင်းတာ.. သူက နင့်လို မဟုတ်ဘူး.. ဘယ်အရာမဆို ငါ့သဘောဘဲ.. ငါဘာလုပ်လုပ် ကန့်ကွက်တာမရှိဘူး.. ငါ့ကိုလဲ သိပ်အလိုလိုက်တာ.. ငါတစ်ခွန်းဆို ပြီးပြီ.. နင်က နေရာတကာ ဆရာကြီး လုပ်လွန်းတယ်.. စပ်စုတာလဲ အလွန်၊ ငါပြောရင်လဲ အထွန့်က တက်သေးတယ်.။ ဆင်ခြေကများ၊ အတ္တကကြီး၊ ဘယ်နေရာမှ သုံးစားမရတဲ့ အလကားလူ၊ နင်နဲ့ဆိုရင် ဘယ်တော့မှ စိတ်မချမ်းသာရဘူး.. အမြဲတမ်း စကားဘဲ များနေရတယ်။ ဒီတော့ နင်ရှိနေရင် ငါ့အတွက် စိတ်အနှောက်အယှက်တောင် ဖြစ်သေးတယ်.. နင်သွားတာဘဲ ကောင်းပါတယ်.. ဒါပေမဲ့ နင့်ကို ကျေးဇူးတင်စရာတော့ ရှိတယ်.. နင်နဲ့ ယှဉ်လိုက်မှ ၀ါဝါ၀င်းလဲ့က ငါ့အပေါ် ဘယ်လောက် ကောင်းတယ်ဆိုတာ သိလာရတာ.. တကယ်လို့ နင်သာ မရှိရင် သူ ငါ့အပေါ်ကောင်းတာ ပေါ်လွင်မှာ မဟုတ်ဘူး.. နင်နဲ့ နှိုင်းလိုက်တော့ သူသိပ်ကောင်းတာ ငါသိလာရတယ်.. တစ်ခုတည်း ဆိုရင် မသိသာပေမဲ့ ၂ခု ယှဉ်လိုက်မှ သိသာ လာရတာမျိုးပေါ့။”

ဘုရားရေ…. နယုန် ဘယ်လိုများ ပြောလိုက်တာပါလိမ့်.. ပြောထွက်လိုက်တာ.. ရက်ရက်စက်စက်ပါလား.. ဆက်လက်နားထောင်ဖို့ သူမခွန်အား မဲ့လေပြီ..
“တော်တော့ နယုန် ဆက်မပြောနဲ့တော့.. နင်ကြိုက်တဲ့မိန်းခလေးနဲ့ နင်တွဲချင်တွဲပါ။ ငါ့ကိုသူတို့နဲ့ လာမနှိုင်းယှဉ်ပါနဲ့”

“ဘာလဲ အမှန်တွေပြောလို့ နာသလား… ဒါအကင်းဘဲရှိသေးတယ်.. နင်က ငါ့ဘ၀မှာ နင်မရှိရင် မဖြစ်ဘူးလို့ ထင်နေတာကိုး… စိတ်ချ ငါ့ဘ၀မှာ နင်မရှိလဲ ဘာမှ မဖြစ်ဘူး.. နင်ဟာ ငါ့ဘ၀အတွက် လိုအပ်ချက်လဲ မဟုတ်ခဲ့ဘူး.. ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးမနေနဲ့.. နင်သွားစရာရှိတာသွား.. ငါတားမယ် မထင်နဲ့.. တစ်ယောက်သွားရင် နှစ်ယောက်လာမယ်.. ငါ့အတွက် ဘာမှ မရှားဘူး.. နင်ရှိရင်တောင် စိတ်အနှောင့်အယှက် ဖြစ်ရသေးတယ်.. ”

“ကဲ တော်လောက်ပါပြီ… တော်ပါတော့.. ဒီလောက်နဲ့တင် လုံလောက်ပါပြီ.. ထပ်ပြီး မစော်ကားပါနဲ့တော့” စိတ်ထဲက ရေရွတ်ရင်း သူမဖုန်းကို ချလိုက်တော့သည်.. ထပ်ခါထပ်ခါ ပြန်ခေါ်သော နယုန်ရဲ့ ဖုန်းကောကို သူမ လစ်လျှူရှုလိုက်ပြီ။ ပြောလို့ အားမရသေးဘူး ထင်ပါရဲ့။ သူမကို ဒီလောက် စော်ကားရလျှင် ကျေနပ်သင့်ပြီထင်ပါသည်။ ယုံကြည်ချက် မျှော်လင့်ချက်တို့ကို ရိုက်ချိုးလိုက်သော၊ သူမကို အထပ်ထပ် နာကျင်စေသော ထိုစကားလုံးများကို ထပ်မကြားလိုတော့ပါပြီ။  သံယောဇဉ်အထပ်ထပ် ငြိတွယ်ရသော သူ့ကိုချစ်စိတ်ဖြင့် နိုင်ငံခြားသွား ကျောင်းသွားတက်ဖို့ကို တွေဝေနေမိသော သူမအတွက်ဖြင့် ထိုစကားတို့က သူမရဲ့ ဆုံးဖြတ်ချက် ခိုင်မာဖို့ တွန်းအားတစ်ခု ပေးလိုက်ခြင်းသာ ဖြစ်လေတော့သည်၊ မပြတ်သားတတ်ခဲ့သော သူမအား ရက်စက်ပြင်းထန်လွန်းသော နယုန့်စကားတို့က ပြတ်သားတတ်သူ တစ်ယောက်အဖြစ်သို့ တွန်းပို့စေခဲ့ပြီ။ သူမ နားလည် လိုက်ပါသည်၊ အချစ်ဆိုတဲ့အရာဟာ နာကျင်စရာ စကားလုံးတွေရဲ့ ရိုက်ခတ်မှုအောက်မှာလဲ အလဲလဲ အပြိုပြို ဖြစ်နိုင်သားဘဲလေ.။ နွေးထွေးခဲ့သော နှလုံးသားတစ်စုံကို အေးခဲသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသော ထိုစကားလုံးများအတွက် နယုန့်ကို သူမ ကျေးဇူးတင်နေပါမည်။

လူဆိုသည်မှာ မိမိကို လိုလိုလားလား လိုအပ်သူအတွက်သာ ဖြည့်ဆည်းပေးချင်ပါသည်။ မိမိအား မလိုအပ်ပါ။ မရှိလဲဖြစ်ပါသည်ဟု အတိအလင်း ပြောလာသူအတွက်တော့ဖြင့် သူမသည် ၀န်ထုပ်ဝန်ပိုးတစ်ခု ဖြစ်မနေစေသင့်တော့ပါ.. ချစ်တတ်သော နှလုံးသားတစ်စုံသည် အစွမ်းကုန် ချစ်တတ်သလို နာစရာရှိလျှင်လည်း အဆုံးမရှိ နာကျင်တတ်ပါသေးသည်.. နယုန်နှင့် ပတ်သက်သည့် ကာလ တစ်လျှောက်လုံး ကြည်နူးစရာဆိုသည်မှာ သူမအတွက် မရှိခဲ့စဖူး။ အမြဲတမ်း နာကျင်ကြေကွဲရခြင်း၊ အောက်ကျ သီးခံရခြင်း တို့ဖြင့်သာ စိတ်နှလုံး တစ်ခုလုံး အမြဲတမ်း ပူလောင်နေခဲ့ရသည်။

သူ့အတွက် ဘယ်လောက်ပင် ကောင်းအောင် ဖြည့်ဆည်းပေးခဲ့သည်ဖြစ်စေ.၊ အသိအမှတ်ပြုသည်မရှိခဲ့။ သူမ စေတနာကို နားလည်ပေးခဲ့သည် မရှိခဲ့၊ သူ့ကို မြတ်နိုးစွာ တွယ်တာ ချစ်ခင်တတ်ခဲ့သော သူမ၏ ချစ်ခြင်းတို့ကို ရိုက်ချိုးခဲ့သူမှာ နယုန်မိုးကိုယ်တိုင်ဖြစ်သလို သူမကို သူ့အနားမှ လွှင့်ထွက်သွား အောင်လည်း သူကိုယ်တိုင်သာ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်ပါသည်။ နယုန့်ကို စချစ်မိကတည်းက သူမကအရင် နယုန့်ကို ဘယ်တော့မှ ခွဲမသွားပါဟု ဆုံးဖြတ်ခဲ့ဖူးသည်။ ယခုလည်း သူမက အရင် စတင် လမ်းခွဲခြင်းမဟုတ်ပါ။ နယုန်ကိုယ်တိုင်က သူမကိုစတင်ထားရစ်ခြင်းသာ ဖြစ်သည်မဟုတ်လား။့  အချစ်ကို နူးညံ့သိမ်မွေ့စွာ ခံစား၊ တန်ဖိုးထားချင်သော သူမအတွက်တော့ နယုန့်ကို ချစ်ခဲ့မိခြင်းသည် ပူလောင်မှုများစွာနှင့် နာကျင်ရခြင်းသာ ရရှိခဲ့သည်။ ချိုသာသော စကားလေးတစ်ခွန်းကိုပင် မရခဲ့ဖူးသူအတွက် ဘာကိုများ မျှော်လင့်နေစရာ ရှိပါသေးလဲ...

ရှိပါစေတော့ နယုန် မင်း ကိုယ့်ကို မလိုလားဘူး၊ ကိုယ်ဟာ မင်းအတွက် အကောင်းဆုံးသူ ဖြစ်မလာဘူး ဆိုတဲ့ နောက်မှတော့ ဘာကိုများ တွေဝေနေဦးမှာလဲ။ မင်းနဲ့ပါတ်သက်ပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ဖူးပေမဲ့ မင်းဟာ ကိုယ့်ကို မလိုလားသူ၊ ကိုယ့်အနားက အရင်ထွက်ခွာသူဖြစ်တာကြောင့် ကိုယ်တစ်ယောက်တည်း ကိုယ့်လမ်းကို ရှေ့ဆက်ယုံသာ ရှိတော့သည်ပေါ့၊ မင်းနဲ့ ခပ်ဝေးဝေးကနေသာ နေပါတော့မည်လေ။ ကိုယ့်ဘ၀ကို စိတ်အေးချမ်းစွာ ဖြတ်သန်းပါတော့မည်၊ ပူလောင်ရသော အချိန်ကာလ တို့ကို ထားခဲ့ပါတော့မည်၊ တို့ဆိုတဲ့ တာရာကြယ်စင်တစ်ယောက် မင်းနဲ့ဝေးရာကို ပျံသန်း ထွက်ခွာသွားပါတော့မယ်။ မင်းအပေါ် အကောင်းဆုံးသူနှင့် ပျော်ရွှင်အဆင်ပြေပါစေ နယုန်ရေ။


**************************@*********************

လမ်းခွဲတဲ့အခါ နှလုံးသားဆိုတာက ကျောက်သားမှ မဟုတ်တာ.. နာကျင်ခံစားရမှာဘဲပေါ့။


လင်းမြကြည်ဖြူ

လမ်းခွဲ ကျိန်စာ

နှစ်ယောက်တည်းရှိသော ခုံတန်းလျားပေါ်တွင် မည်သူကမှ စကားကို အရင် စပြောဖို့ မကြိုးစားကြသဖြင့် သူတို့၂ယောက်ကြားတွင် တိတ်ဆိတ်မှုက ကြီးစိုးလို့နေသည်။ ယခင် စချစ်ခဲ့ကြစဉ်က အမြဲတမ်း တီတီတာတာ ပြောတတ်ခဲ့သော သူမ၏နှုတ်ခမ်းပါးက စကားတို့သည်လည်း ယခုအခါတွင်တော့ အာစေးမိထားသလို ခြောက်သွေ့ တိတ်ဆိတ်လို့နေခဲ့ပြီ။ အချိန်ကာလ အပိုင်းအခြားတစ်ခုသည် သူတို့၂ယောက်ကြားက အခြေအနေတစ်ခုကို အေးစက် စိမ်းကားသွားစေခဲ့လေပြီ။ မည်သူ့တွင် အပြစ်ရှိသည်ကို နှစ်ဦးစလုံးကလည်း မဝေခွဲတတ်.. ကိုယ်စီကိုယ်စီလည်း အပြစ်မကင်းသလို ခံစားရသည်။ ချစ်သူနှင့်စာလျှင် မိသားစုကို အမြဲတမ်း ဦးစားပေးနေရသော ကောင်လေး၏ အခြေအနေသည်လည်း ပြောင်းလဲလာသော ချစ်သူ၏ အေးစက်စိမ်းကားမှုကို အပြစ်မတင်ရက်ပါ။ သူ့အနေအထားကလည်း ခုချိန်တွင် မိသားစုကိုသာ ဦးစားပေးရမည့် အခြေအနေ ဖြစ်နေခဲ့သည်။


ရောဂါသည် မိခင်ကြီးနှင့် ဖခင်မဲ့ မောင်ညီမများအတွက် အမြဲတမ်း အဆင်သင့်ဖြစ်အောင် ရှိနေတတ်ခဲ့သော ချစ်သူကောင်လေး၏ မိသားစုအပေါ် နားလည်သိတတ်မှုကို ကောင်မလေးကလည်း အပြစ် မတင်ရက်ပါ။ သို့သော် တစ်ပတ်တစ်ကြိမ်တောင် တွေ့ဖို့ခက်ခဲလာနေသော သူမတို့ ၂ယောက်သည် တဖြေးဖြေးတော့ တစ်ယောက်နှင့်တစ်ယောက်ကြား အေးခဲစွာ ဝေးကွာလာသည်ဟု သူမ ခံစားရလေသည်။ ထိုအခြေအနေကို ပြန်လည်ထိန်းသိမ်းဖို့လည်း သူမ မကြိုးစားချင်တော့ပါ။ ချစ်သူရည်းစား ရှိသည် ဆိုသော်လည်း ချစ်သူ၏ ဂရုစိုက် ချစ်ခင်ကြင်နာမှုသည် သူမနှင့် မဆိုင်သလို.. အဝေးဆုံးမှာသာ ရှိနေခဲ့သည်။ သူများတကာလို သွားလာလည်ပတ်ခွင့်ဆိုတာ ဝေလာဝေး… တွေ့ဖို့ပင် အနိုင်နိုင် ဖြစ်လာသော အနေအထားက သူမရင်ထဲက မကျေနပ်ခြင်းတွေကို အုံနှင့်ကျင်းနှင့် သိုင်းဖွဲ့ကာ ရင်တွင်းမှာ ဒဏ်ရာပြင်းထန်စွာ ရစေခဲ့သည်။

ချစ်သူဆိုသည်မှာ တစ်ယောက်နှင့်တစ်ယောက် နားလည်မှုကိုယ်စီရှိပြီး တစ်ယောက်အခက်အခဲကို တစ်ယောက်က ဝေမျှခံစားကာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ရှိကြသူများဟု သူမကတော့ နားလည် ခံယူထားသည်။ ယခုတော့ သူမမှာ ရုတ်တရက် အခက်အခဲဖြစ်လျှင်၊ သို့မဟုတ် စိတ်ဆင်းရဲစရာ ၀မ်းနည်းစရာ ကြုံလာလျှင်တောင် သူမချစ်သူက ဘေးတွင် ရှိမနေတတ်ခဲ့။ သူ့ဆီက နှစ်သိမ့်သည့် စကားဆိုတာလည်း မကြားခဲ့ရ။ သူမ ပြင်းထန်စွာ နာကျင်ခံစား နေရချိန်တွင်တောင် ချစ်သူဆိုသည့်သူက သူမနှင့် အဝေးမှာ။ ရင်ဖွင့်စရာ တိုင်ပင်စရာ အားကိုးစရာရယ်လို့ သူမဘေးမှာ မားမားမတ်မတ် ရှိမနေတတ်ခဲ့။ ဖြစ်သမျှ အရာအားလုံးကို သူမတစ်ယောက်တည်း ရင်ဆိုင်ရသည်။ ဖြေရှင်းရသည်။ ခံစားကြေကွဲရသည်။ ထိုသို့ဆိုလျှင်ဖြင့် ချစ်သူဆိုသော အားထားတိုင်ပင်စရာ လူတစ်ယာက်သည် သူမ အားငယ်ကြေကွဲနေချိန်တွင် သူမဘေးနား မရှိနိုင်၊ သူမအတွက် အချိန်မပေးနိုင်၊ သူမလိုအပ်နေချိန်တွင် ဖေးမစာနာ အားကိုးရာ မဟုတ်ခဲ့လျှင်ဖြင့် ချစ်သူရှိခြင်း မရှိခြင်းသည် သူမအတွက် ဘာမှ မထူးခြားတော့ပါ။ ထို့ကြောင့်လည်း ချစ်သူဆိုသည့် သူ့အပေါ်တွင် သူမ၏ ခံစားချက်များက တဖြေးဖြေး လျော့ပါးလာသည်။ သူမကိုယ်တိုင်လည်း  စိတ်တွင်းမှရော နှလုံးအိမ်အတွင်းမှပါ ဖယ်ထုတ်ပစ်နိုင်ဖို့ ကြိုးစားလာခြင်း ဖြစ်သည်။

အင်းလျားရေပြင်ကို ဖြတ်တိုက်လာသော လေပြေနုအေးတို့က သူတို့နှစ်ယောက်ကြား ခြားနားနေသလို သူကိုယ်တိုင်လည်း သူတို့ ၂ယောက်ကြားတွင် စိမ့်ဖြာနေသော အေးစက်စိမ်းကားခြင်းကို ခံစားနေရသည်။ မရုန်းထွက်သာသော အခြေအနေကို ကောင်မလေးသိအောင် ပြောပြဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူ၏ ပူပန်သောကတို့ကို ကောင်မလေးအား မျှဝေမပေးရက်ပါ။ သူတစ်ယောက်တည်းသာ ကြိတ်မှိတ် ခံစားနေခဲ့သည်။ မပြေလည်သော အိမ်၏ စီးပွားရေးအခြေအနေကြောင့် အလုပ်ကို ဖိကြိုးစားရင်း ငွေရှာနေခဲ့ရသည်။ သူ့ကိုမှီခိုအားကိုးနေသော မိသားစုကိုသာ ဦးစားပေးပြီး အချိန်ပေးနေခဲ့ရသဖြင့် ကောင်မလေးအတွက် အချိန်မပေးနိုင်သော သူ့ကို နာကျည်းနေခဲ့မည်ကိုလည်း ခံစားနားလည်မိပါသည်။ တကယ်တော့ သူ ကောင်မလေးကို သိပ်ချစ်ပါသည်။ ဘယ်လိုမှ ရုန်းမထွက်သာသော မိသားစု အရေးတွေကြောင့် အနေဝေးနေရပေမဲ့ သူ့နှလုံးသားတစ်ခုလုံးမှာ ကောင်မလေးကို ချစ်ခြင်းများဖြင့်သာ ရှင်သန်နေခဲ့ရခြင်း ဖြစ်သည်။

အိမ်ပြန်ချိန်ရောက်ပြီ ဖြစ်သောကြောင့် ထိုင်နေသော ခုံတန်းလျားလေးမှ ထလိုက်ပြီး ကန်ဘောင်အောက်ကိုဆင်းကာ ကားမှတ်တိုင်ဆီသို့ ဦးတည်လိုက်ကြသည်။ ကောင်မလေးက “ပြောစရာရှိသည် အရေးကြီးသည် လာဖြစ်အောင်လာခဲ့ပါ” ဟု ခေါ်သောကြောင့် ဒီနေရာကို သူမဖြစ်မနေ ရောက်အောင် လာခဲ့သော်လည်း ထိုင်နေသည့် တစ်ချိန်လုံး ကောင်မလေးက သူပြောစရာရှိသည်ဆိုသော စကားကို ပြောမထွက်လာပါ။ သူ မေးသော်လည်း ခေါင်းသာ တွင်တွင်ခါနေခဲ့သည်။ သို့သော် သူ့ရင်ထဲမှာတော့ တစ်စုံတစ်ရာကို ကြိုသိနေသလို ခံစားရသည်။ စကားသံ မထွက်သော်လည်း အေးစက်နေသော အပြုအမူနှင့် လှုပ်ရှားမှုများက ကောင်မလေးရင်ထဲမှာ ဘာရှိနေသည်ကို ကောင်လေး တွက်ဆနိုင်ခဲ့ပါသည်။ သူကြောက်ခဲ့သော အခြေအနေတစ်ခုကို ရင်ဆိုင်ရတော့မည် ဆိုတာကိုလည်း ကောင်လေး နားလည်ပါသည်။ သို့သော် သူ့အနေနှင့် ထိုအနေအခြေကို တားဆီးဖို့ အင်အားမရှိပါ။.. စွမ်းလဲ မစွမ်းသာပါ။ ခုချိန်မှာတော့ သူ၏ဘ၀သည် မိသားစုအရေးကလွဲလို့ အခြားအရာများကို ဥပက္ခာပြုနေခဲ့ရသည့် အနေအထားဖြစ်ပါသည်။

ကားမှတ်တိုင်တွင် ကားစောင့်နေရင်း ကောင်မလေးက သူ့မျက်နှာကို မော့ကြည့်ကာ စကားပြောတော့မည်ပြုစဉ် ကောင်လေးက သူမလေးအား “ခဏ .. မပြောနဲ့ဦး… ပေးစရာတစ်ခုရှိလို့” ဟု ဆိုကာ သူလွယ်ထားသော အိတ်ကလေးထဲမှ စာရွက်လေးတစ်ခုကို ထုတ်ပေးလိုက်သည်။ ပြီးတော့မှ “ရပြီ ပြောတော့” ဟု ဆိုသည်။။ “နင်နဲ့ငါ… လမ်းခွဲကြစို့.. ” ကောင်မလေးရဲ့ စကားသံက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်သော်လည်း တကယ်တမ်း ကြားလိုက်ရချိန်တွင် ရင်ဘတ်တစ်ခုလုံး ဆို့နင့်နာကျင်သွားရသည်။ သူ.. ဘာမှ ပြန်မပြောနိုင်ခဲ့ပါ။ ကောင်မလေးမှာ အပြစ်မရှိဟု သူလက်ခံပါသည်။ သူ့ဘက်မှာလည်း သူ့အခြေအနေနှင့်သူ မဟုတ်လား။

“ပြောစရာရှိတယ်ဆိုတာ အဲဒါပြောမလို့ဘဲ… နင့်ကို ချစ်တဲ့စိတ်တွေ ငါ့မှာ တဖြေးဖြေး လျော့နည်းလာပြီ။ အဲဒီအတွက် ငါ့ကို အပြစ်မတင်ပါနဲ့.. ဒီအခြေအနေဟာ နင့်ကြောင့်ဖြစ်လာရတာပါ။ ငါ့အတွက် ဘယ်တော့မှ အနားမှာ မရှိပေးနိုင်တဲ့သူ၊ ငါလိုအပ်ချိန်မှာ ငါ့အတွက် အချိန်မပေးနိုင်တဲ့သူကို ချစ်သူအဖြစ် လက်ခံထားရတာ ငါ့အတွက် အပိုတစ်ခု ဖြစ်နေခဲ့ပြီ။ ဘယ်ခါမဆို ငါ့မှာ ဘာပြဿနာဖြစ်ဖြစ်၊ ဘယ်လို အခက်အခဲ တွေ့တွေ့ ငါ့ဟာငါဘဲ ဖြေရှင်းရတယ်.. ၀မ်းနည်းရင်လည်း တစ်ယောက်တည်း ၀မ်းနည်း ခံစားရတယ်.. ငါတို့ မိန်းခလေးတွေက ကိုယ့်ချစ်သူကို အားကိုးချင်တယ်.. ကိုယ့်အခက်အခဲတွေကို ဂရုတစိုက် နားထောင်ပေးစေချင်တယ်.. အခက်အခဲကို မဖြေရှင်းပေးနိုင်ရင်တောင် စိတ်ရှည်လက်ရှည် နားထောင်ပြီး အကြံဥာဏ်လေးတွေပေးတာကို လိုချင်တယ်.. ဒါပေမဲ့ နင်က ဘယ်ခါမှ ငါ့အတွက် အဆင်သင့် ရှိမနေဘူး.. နင့်မိသားစု၊ နင့်ကိုယ်ရေးကိုယ်တာတွေဘဲ ဦးစားပေးနေခဲ့တယ်.. ဒီတော့ ငါ့ဘ၀မှာ နင်ရှိလည်း မထူးမဲ့အတူတူ ငါတို့ ခပ်ဝေးဝေးနေလိုက်ကြပါစို့.. ခုချိန်မှာ ချစ်သူဆိုတာ ငါ့အတွက်တော့ အပိုပစ္စည်းတစ်ခုဘဲလို့ ငါခံစားရတယ်..  ငါသေချာဆုံးဖြတ်ပြီးမှ ဒီစကားပြောတာပါ။ နင်ငါ့ကို နားလည်မှာပါ.. ဟော ဟိုမှာ ကားလာပြီ.. နင်လိုက်သွားတော့.. ငါ့ကို လိုက်ပို့စရာ မလိုတော့ဘူး.. ငါဒီနေ့ တက္ကစီနဲ့ ပြန်မယ်. နောက်ကို နင်နဲ့ တွေ့ဖြစ်တော့မှာ မဟုတ်တော့ဘူး တစ်ခါတည်း နှုတ်ဆက်တယ်နော်.. သွားတော့.. ကားပေါ်တက်”

အနားတွင် အသံမြည်အောင် ထိုးရပ်လိုက်သော ဘတ်စကားကြီးကို ကြည့်ကာ ဘာဆက်လုပ်ရမည် မသိအောင် ကောင်လေးရင်ထဲ ဗျာများလို့နေခဲ့သည်။ ကောင်မလေးကို ထားပြီး ကားပေါ်တက်ရမည်လား.. သို့မဟုတ် ဆက်ပြီး နေရမည်လား ဝေခွဲမရစွာဖြင့် ခြေလှမ်းတွေ မရွေ့ဘဲ ရပ်တန့်နေမိသည်။ “ သွားတော့လေ… ငါ့အတွက် စိတ်မပူနဲ့ … ငါတကယ် တက္ကစီနဲ့ပြန်မှာ.. နင် နောက်ကားစောင့်ရင် ကြာဦးမှာ .. ဒီကားနဲ့ လိုက်သွားတော့.. ” ထိုအချိန်တွင် ဘတ်စ်ကားက စပြီး ဘီးလိမ့်နေပြီ… သူ ချီတုံချတုံ ဖြစ်နေဆဲမှာ ကောင်မလေးက သူ့ပုခုံးကို တွန်းလွတ်လိုက်သဖြင့် ထွက်ခါစ ကားနောက်ကို သူအပြေးလိုက်ပြီး ဘတ်စ်ကားပေါ် ခုန်တက်လိုက်စဉ်မှာဘဲ မမျှော်လင့်ဘဲ သူ့ခြေတစ်ဖက်က ဘတ်စ်ကားခြေနင်းပေါ် မရောက်ဘဲ လေထဲမှာ တန်းလန်းဖြစ်ကာ ကားပေါ်မှာ ပြုတ်ကျသွားတော့သည်။ ကံဆိုးစွာဘဲ.. နောက်ထပ် ရောက်လာသော ဘတ်စ်ကားက ပြုတ်ကျသွားသော ကောင်လေး၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ကြိတ်မိသွားလေသည်။ မြန်ဆန်စွာဖြစ်ပွားခဲ့သော အဖြစ်အပျက်ကြောင့် မှတ်တိုင်တွင်ရပ်ကျန်ခဲ့သော ကောင်မလေးမှာ မယုံနိုင်အောင်ဖြစ်ကာ ဆွံ့အ ကြက်သေ သေသွားတော့သည်။ ၀ိုင်းအုံနေသော လူအုပ်ကြားမှ မြေပြင်ပေါ် သွေးအလိမ်းလိမ်းဖြင့် လဲကျနေသော ကောင်လေးအခြေအနေကိုလည်း သူမ သွားမကြည့်ရဲ..

ထိုစဉ် ကောင်လေးပေးထားခဲ့သော စာရွက်လေးကို ကောင်မလေးက တဆတ်ဆတ် တုန်ယင်နေသော လက်များဖြင့် ယောင်ယောင်ကန်းကန်း ဖွင့်ကြည့်လိုက်စဉ် စာထဲက ကောင်လေးရဲ့ လက်ရေးလေးကို ဖတ်ပြီးနောက် နေရာမှာဘဲ ပြိုလဲကျသွားတော့သည်။

ကောင်မလေးရေ..

မင်းကို ငါသိပ်ချစ်ပါတယ်.. ပြောမပြတတ်အောင် ချစ်တာပါ။ ဒါပေမဲ့ ငါ့အခြေအနေက အချစ်ရေးကို ဘယ်လိုမှ ဦးစားမပေးနိုင်သလို ၊ ချစ်သူကိုလည်း အချိန်မပေးနိုင်တဲ့ အနေအထား ဖြစ်နေရပါတယ်.. ဒါဟာလည်း ငါ့အပြစ်ပါ။ မင်းကို အပြစ်မတင်ပါဘူး .. ငါ့ရဲ့ဘ၀ပေး အခြေအနေကြောင့် ဖြစ်ရတာပါ။ ခုချိန်မှာတော့ ငါ့ဘက်က ဘယ်လိုမှ ရုန်းထွက် မရနိုင်သေးလို့ပါ။ ဒါပေမဲ့ ကောင်မလေးရယ်.. မင်းသာ ငါ့ကို မချစ်တော့ဘူးဆိုရင် ငါ့ဘ၀ဟာ သေတာနဲ့မခြားတော့ပါဘူး.. မင်းပြောမဲ့ လမ်းခွဲစကားဆိုတာ ငါ့အတွက်တော့ ကျိန်စာတစ်ခုသာ ဖြစ်မှာပါ။ မင်းနဲ့လမ်းခွဲရမယ်ဆိုရင် ဒီလောကကြီးမှာ ဆက်နေချင်စိတ်လဲ ရှိတော့မှာ မဟုတ်ပါဘူး ကောင်မလေးရေ...




လင်းမြကြည်ဖြူ

၁၀.၁.၂၀၁၁

ဆည်းဆာနိဂုံး



တကယ်လို့များ လူတစ်ယောက်ဟာ သိပ်စိတ်ညစ်နေရင် ဘာတွေလုပ်ကြသလဲ.. လူတိုင်းသည် သူတို့၏ ဘ၀တွင် ပျော်စရာအချိန်များသာ ရှိလိမ့်မည်ဟုတော့ မထင်ပါ။ သူမ မကြာခဏ တွေးကြည့်မိဖူးပါသည်။ လူတွေ စိတ်ညစ်လျှင် ဘာတွေလုပ်လေ့ ရှိသလဲ… စိတ်ညစ်သူတွေကို နှစ်သိမ့်ဖြောင်းဖြပေးနိုင်မည့်အရင်းနှီးဆုံး သူတွေရော လူတိုင်းမှာ ရှိတတ်ကြပါရဲ့လား။ ထိုနှစ်သိမ့်တတ်သူများကရော အခြားသူတွေ၏ စိတ်ခံစားမှုကို မျှဝေခံစားကြည့်ဖို့ ဘယ်လိုနှလုံးသားမျိုးကို ပိုင်ဆိုင်ထားနိုင်ပါသလဲ.. ထိုသူများသည် အမြဲတမ်း မပြောင်းလဲသော နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသူလို့ တင်စား၍ ရနိုင်မည်လား။ မပြောင်းလဲတဲ့ နှလုံးသားတစ်စုံ ဆိုသည့်စကားက ခုချိန်မှာတော့ သူမနှင့် အလှမ်းကွာဝေးလွန်းနေသည်။ ခေါင်းကို အသာယမ်းခါလိုက်ရင်း သူမနှုတ်ခမ်းများကို တွန့်ကွေးကာ ပြုံးလိုက်မိသည်။


သူမစိတ်ညစ်လျှင် စာတွေဖတ်သည်။ သီချင်းတွေနားထောင်သည်။ ဗီဒီယိုဇာတ်လမ်းတွေ ကြည့်ချင်ကြည့်သည်။ သူမတွင် သွားလာ လည်ပတ်စရာ များများစားစားမရှိသလို သူငယ်ချင်းလဲ များများ မရှိပါ။ သူမဘ၀တွင် ရှိခဲ့သော သူငယ်ချင်းမှာလည်းဖြစ် သူမ၏ အချစ်ဆုံး ချစ်သူမှာလည်း သူမနှင့် ဝေးရာ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားခဲ့သည်မှာ ကြာလေပြီ။ ထိုသူငယ်ချင်း၊ ချစ်သူလေး ရှိစဉ်တုန်းကတော့ သူမစိတ်ညစ်သမျှ၊ သူမ ဂျီကျသမျှကို သီးခံကာ အလိုလိုက် ခဲ့သည်။ ချစ်သူလေး၏ ပုခုံးသည် သူမအတွက်တော့ မှီခိုစရာ၊ ငိုကြွေးစရာ နေရာလေးတစ်ခု ဖြစ်ခဲ့ဖူးပါသည်။ ထိုအချိန်တွေသည် သူမအတွက် အမှတ်ရစရာ အကောင်းဆုံးအချိန်များ ဖြစ်ခဲ့ဖူးပါသည်။ လူတိုင်းမှာ ၀မ်းနည်းအားငယ်သည့်အခါ၊ စိတ်ဖိစီးမှု ရှိလာသည့်အခါ ငိုကြွေးစရာ ပုခုံးလေးတစ်စုံ၊ နှစ်သိမ့်ပေးမည့် နှုတ်ခမ်းလေးတစ်စုံတော့ မဖြစ်မနေတော့ လိုအပ်သည်ဟု သူမထင်ပါသည်။ သို့သော် ဘ၀ရှေ့ရေးအတွက်ဟုဆိုကာ သူမအနားမှ ချစ်သူလေး ထွက်ခွာသွားကတည်းက မှီတွယ်စရာ မရှိတော့သော သူမအတွက် မျက်ရည်မကျဖြစ်အောင် ထိန်းသိမ်းထားဖြစ်ခဲ့ပါသည်။

သူမအသက် ၁၆နှစ်အရွယ်တွင် သိပ်ချစ်ရသော သူမမေမေ ကင်ဆာရောဂါဖြင့် ဆုံးပါးခဲ့ရသည်။ သိပ်မကြာခင်ကမှ် နောက်အိမ်ထောင်သစ်ထူထားသော သူမ ဖေဖေသည် တစ်ဦးတည်းသော သမီးဖြစ်သူ သူမကို ဂရုမစိုက်နိုင်လောက်အောင် အချစ်သစ်မှာ သာယာနစ်မျောလို့ နေခဲ့သည်။ ထိုနောက်အိမ်ထောင်နှင့် ပါလာသော သမီး ၂ယောက်ကသာ ဖေဖေ့ကို အချိန်ပြည့် ကပ်ချွဲပြီး သူတို့လိုချင်တာတွေ ပူဆာ ၀ယ်ခိုင်းတတ်သော်လည်း တီတီတာတာ စကားမဆိုတတ်ခဲ့သော သူမကတော့ သူမဖခင်နှင့် တစ်စ တစ်စ ပိုဝေးကွာလာခဲ့သည်။ အိမ်တွင် မနေချင်လောက်အောင် ထိုသားအမိကို မြင်တိုင်း သူမစိတ်တွေ နောက်ကျိ ရှုပ်ထွေးလာရသည်။ သူမကို လိုက်ပြိုင်နေတတ်သော ထိုမိန်းမ ( ဖေ့ဖေ့ နောက်မိန်းမ)၏ သမီးတွေသည် သူမအတွက် စိတ်ညစ်စရာ အကောင်းဆုံး လူသားများအဖြစ် သူမ၏စိတ်ကြည်လင်မှုကို အချိန်ပြည့် နှောက်ယှက်နေလေခဲ့သည်။ သို့နှင့် သူမ အိမ်တွင် အနေကျဲလာသည်။ သူမစိတ်ညစ်တိုင်း နှစ်သိမ့်အားပေးမည့်သူလည်း မရှိတော့သော သူမအတွက်တော့ ထိုင်းမှိုင်းလေးလံကာ၊ ပျင်းရိခြောက်သွေ့စွာ အထီးကျန်ဆန်လွန်းသော အချိန်တွေသာ ဖြစ်လာရတော့သည်။ ချစ်သူအနားမှာမရှိတဲ့ဘ၀ ဘယ်လောက်များ ငြီးငွေ့ဖွယ်ကောင်းလှပါသလဲ။

အိမ်တွင် မနေချင်၍ အပြင်ထွက်နေသော်လည်း ဘယ်ကိုမှ သွားစရာမရှိဘဲ သူမ အမြဲသွားထိုင်နေလေ့ ရှိသည့်နေရာက မြို့ပြင်အထွက် လေတဟူးဟူး တိုက်ခတ်နေသော ချောက်ကမ်းပါး မြင့်မြင့်ကြီးတစ်ခုတွင် ဖြစ်လေသည်။ ထိုကမ်းပါးတစ်ဝိုက်တွင် တစ်ပင်ထီးတည်း ပေါက်နေသော သစ်ပင်ကြီးတစ်ပင်ကလွဲလို့ အခြားဘာပင်မှ မရှိဘဲ တိတ်ဆိတ်ငြိမ်သက်ခြင်းများ လွှမ်းခြုံလျှက်၊ အထီးကျန်ခြင်းရနံ့တို့က ဝေ့၀ဲလွှင့်မျောနေလေ့ ရှိသည်။ ထိုနေရာရောက်တိုင်း ထိုချောက်ကမ်းပါးထိပ်ကြီးမှာ ရပ်ရင်း သူမစိတ်တွေ အစွမ်းကုန် လွတ်လပ်စွာ လွှင့်မျောလေ့ရှိသည်။ ထိုနေရာရောက်လျှင် အချိန်နာရီ အားလုံး သူမမေ့ထားချင်သည်။ ကျယ်ပြောလှသော မြစ်ပြင်ကြီးကို ငေးမောရင်း အဆုံး အစမရှိသော အပြာရောင် ကောင်းကင်ကြီးကို ငေးမောနေရသည်က သူမ၏ စိတ်ဖိစီးမှုအားလုံးကို ခေတ္တမျှ မေ့ထားစေနိုင်ခဲ့သည်။ နိုင်ငံခြားသို့ ထွက်သွားကာစက နေ့စဉ်နီးပါး ဖုန်းဆက်တတ်သော သူမ ချစ်သူသည် တဖြေးဖြေး ဖုန်းအခေါ် ကျဲလာသလို စကားသံတွေက အစိမ်းရောင်ဆန်လာခဲ့သည်။ ယခင်ချိန်တုန်းက သူမအတွက် အချိန်များစွာ ပေးနိုင်ခဲ့သော ချစ်သူသည် ဖုန်းပြော၍ မပြီးခင် ဖုန်းချဖို့သာ စိတ်စောနေတတ်ခဲ့လေပြီ။ သို့နှင့် သူမ ချစ်သူကို ရင်ဖွင့်ခွင့်၊ သူမချစ်သူကို အားကိုးတကြီး တိုင်တည်ခွင့် မရသော စကားလုံး များစွာတို့ သူမရင်ထဲတွင် ပြည့်သိပ်ဆို့နင့်စွာ နေရာယူလာရင်း ရင်ခွင်တစ်ခုလုံးလည်း မွန်းကြပ် ခြောက်ကပ်လို့ နေလေတော့သည်။

ဒီနေ့လည်း သူမ ဒီနေရာကို ရောက်လာခဲ့ပြန်ပြီ။

ဒီနေ့တော့ဖြင့် သူမဒီနေရာကို ရောက်လာခြင်းရဲ့ အကြောင်းတရားက သူမသိပ်ချစ်ရသော ချစ်သူ၏ အကြီးမားဆုံး ပြောင်းလဲမှုတစ်ခုကို ကြားလိုက်ရသောကြောင့် ဖြစ်သည်။ ဒီနေ့သည် သူမချစ်သူ၏ မွေးနေ့ဖြစ်သည်။ ချစ်သူကို Birthday Wish လုပ်ဖို့ ည၁၂နာရီတိတိမှာ သူမဖုန်းဖြင့် ချစ်သူထံ Oversea ခေါ်သောအခါ ဖုန်းပိတ်ထားသည်ဟု ဖြေသံကိုသာ ထပ်တလဲလဲ ကြားနေခဲ့ရသည်။ ည၁၂နာရီမှ စကာ တစ်ညလုံး မအိပ်ဖြစ်ဘဲ ဖုန်းထိုင်ခေါ်နေခဲ့သည်။ သို့သော်အဖြေကတော့ အပြောင်းအလဲမရှိ.. ဖုန်းပိတ်ထားသည် ဟုသာ.. မနက် မိုးလင်းတော့ ချစ်သူအလုပ်လုပ်သည့် ရုံးကို သူမဖုန်းဆက်တော့ ခွင့်ယူထားသည်ဟု တစ်ဖက်က ပြန်ဖြေလာသည်။ ပြီးတော့ ထိုဖုန်းဖြေသူက ချစ်သူနှင့် တစ်ရုံးတည်း အလုပ်အတူလုပ်သော မြန်မာ အမျိုးသမီးလေးတစ်ယောက်ဖြစ်နေခဲ့ပြီး ထိုမိန်းခလေးက ကိုယ်ချင်းစာစိတ်ဖြင့် သူမကို ပြောပြခဲ့သည်က သူမ၏ချစ်သူသည် မနေ့ညက ထိုနိုင်ငံရှိ သူ၏ ချစ်သူကောင်မလေးနှင့် တစ်ညလုံး သွားလာလည်ပတ်ကာ ဒီမနက်တွင် ခွင့်ယူထားသည်ကိုပါ အသိပေး ပြောပြလေသည်။

ဖုန်းကိုကိုင်ထားသော သူမလက်တွေ တစ်ဆတ်ဆတ်တုန်ယင်လာသလို ပါးပြင်ပေါ်တွင်လည်း မျက်ရည်ပူများက စီးကျလာခဲ့သည်။ ကျေးဇူးစကားခပ်တိုးတိုးဆိုရင် ဖုန်းကို ပြန်ချလိုက်သော်လည်း တုန်ခါနေသော ဒူးခေါင်းများကြောင့် ခြေတစ်လှမ်းမျှပင် မလှမ်းနိုင်တော့ဘဲ ခုံတစ်ခုပေါ် အမြန်ထိုင်ချလိုက်ရသည်။ အော်.. သူမကို သိပ်ချစ်ပါသည်ဆိုသော ချစ်သူသည် အသစ်တစ်ယောက်နှင့် တွဲ၍ သူမကို ဥပက္ခာ ပြုထားနိုင်ခဲ့လေပြီ။ သူ့မွေးနေ့ သူမဖုန်းဆက်မည်ကို သိ၍ ဖုန်းပင် ပိတ်ထားခဲ့သည်။ သူမဘ၀တွင် ဘာတစ်ခုမှ မကျန်တော့အောင် ဆုံး ရှုံးခြင်းများဖြင့် ရင်ခွင်တစ်ခုလုံး ပူလောင်ကျွမ်းမြေ့လို့ လာသည်။ သူမ မိသားစုတွင် သူမအချစ်ဆုံး မေမေက သူမကို ထားရစ်ကာ လောကကြီးမှ စောစီးစွာ ထွက်ခွာသွားသလို၊ ကျန်ရစ်ခဲ့သော တွယ်တာစရာ တစ်ဦးတည်းသော သူမ ဖခင်ကလည်း နောက်အိမ်ထောင်ပြုကာ သူမနှင့် အေးစက် ဝေးကွာသွားခဲ့ရပြီး သူမ သိပ်ချစ်သော ချစ်သူကလည်း သူမကို ထားသွားခဲ့လေပြီ။

“ကံတရား” ဆိုသည့်အရာက သူမကို မျက်နှာသာပေးဖို့ စိတ်ကူးရှိဟန်မတူ.. သူမဘ၀တွင် သူမ မြတ်နိုးတွယ်တာရသော အရာများ တစ်ခုပြီးတစ်ခု ဆုံးရှုံးခဲ့ရသည်။ လောကကြီးသည် သူမအတွက်တော့ နေပျော်ချင်စရာမရှိ ၊ ပကတိ ငြီးငွေ့ဖွယ်သာ ဖြစ်လေသည်။ ဒါကြောင့်လည်း သူမ မကြာခဏ စဉ်းစားမိသည်။ လူတွေ စိတ်ညစ်လျှင် ဘာလုပ်တတ်ကြပါသလဲ… ယခုအချိန်တွင် ကွဲအက်ကြွေမွနေသော နှလုံးသားတစ်စုံကို ပွေ့ပိုက်ရင်း သူမ သိပ်စိတ်ညစ်နေသည်။ သို့သော် စိတ်ညစ်နေသော၊ အထီးကျန် ကြေကွဲနေသော သူမအတွက် အားပေးမည့် နှုတ်ခမ်းတစ်စုံ ၊ ထွေးပွေ့မည့် လက်မောင်းတစ်စုံ၊ မှီခို ငိုကြွေးစရာ ပုခုံးလေး တစ်စုံတစ်လေမှ သူမဘေးမှာ ရှိမနေခဲ့ပါ။ သူမရင်ခွင်သည် ခြောက်သွေ့ အထီးကျန်ခြင်း၊ ကွဲအက်နာကျင်ခြင်းတို့ဖြင့် အသက်မရှူနိုင်အောင် ဆို့နင့် မွန်းကြပ်လို့ နေခဲ့သည်။ ကြေကွဲနာကျင်စွာ ငိုကြွေးနေသော သူတစ်ယောက်အတွက် အားပေးမည့်သူ၊ ဖေးမမည့်သူမရှိသော အထီးကျန် ဆန်လွန်းသည့်အဖြစ်က ဒီလောက် သွေးပျက်ဖွယ်ကောင်းမှန်း သူမ ထင်မထားခဲ့မိပါ။

ခပ်ဖျော့ဖျော့ အလင်းများဖြင့် ညနေဆည်းဆာက ချောက်ကမ်းပါးလေးထက် အစွမ်းကုန်လင်းလက် တောက်ပလို့နေသည်။ တစ်နေ့တာရဲ့ အဆုံးသတ်အချိန် ရောက်လို့လာပြီ။ နေ့တစ်နေ့ကုန်ဆုံးချိန်ကို ဆည်းဆာဟုခေါ်လျှင် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်ကိုလည်း ဘ၀ဆည်းဆာလို့ ခေါ်၍ ရမည်ထင်ပါသည်။ တကယ်လို့များ သူမ ဒီလောကကြီးထဲက တိတ်တဆိတ် ထွက်ခွာသွားမည် ဆိုလျှင်လည်း သူမအတွက် ၀မ်းနည်း ကြေကွဲမည့်သူ ဘယ်သူမှ ရှိနေမည် မထင်.. သူမကို မေ့လျော့နေသော ဖခင်နှင့် သူမအတွက် အချိန်မပေးနိုင်တော့သော သူမ ချစ်သူသည်လည်း ၀မ်းနည်းနေမည် မထင်တော့ပါ။ သူမသည် သူ့အတွက် ဘယ်နေရာမှ အရေးပါတော့မည်မဟုတ်ပေ။ သာမန် မိန်းခလေးတစ်ယောက် လူ့လောကထဲမှ ထွက်ခွာသွားခြင်းသည် အခြားသူများအတွက် မည်သို့မျှ ထူးခြားမည်မထင်ပါ။ စိတ်ချမ်းသာစရာမရှိသော ဘ၀တစ်ခုနှင့်အတူ နှလုံးသားတစ်ခုလုံး ကွဲအက်ကြေမွနေသော မိန်းခလေးတစ်ယောက်အတွက် သေခြင်းတရားဆိုသည့်အရာက ထူးပြီးတော့ နာကျင်စေမည် မထင်တော့ပါ။ ညနေဆည်းဆာအောက်က လေတဟူးဟူး တိုက်ခတ်နေသော ချောက်ကမ်းပါး၏ နှုတ်ခမ်းပေါ်မှာ အသံ မထွက်နိုင်လောက်အောင် ရှိုက်ကာ ငိုကြွေးနေခဲ့ရင်း သူမ၏စိတ်တွေက တဖြေးဖြေးချင်း တည်ငြိမ်လို့လာသည်။

သေခြင်းတရား…

တစ်ခါတစ်လေမှာ အသက်ရှင်ဖို့ စိတ်အားထက်သန်မှု မရှိတော့ဘူးဆိုလျှင် လူတွေဟာ သူတို့ရဲ့ စိတ်လွတ်မြောက်မှုအတွက် သေခြင်းတရား ဆိုတာကိုလည်း ရွေးချယ်လို့ ရနိုင်သေးသည်ဘဲလေ။ သူမခြေလှမ်းကလေး တစ်လှမ်း ဆက်တိုးလိုက်သည်နှင့် ကျောက်တုံးကြီးများ အပြည့်ရှိနေသော ဟိုးအောက်က ခပ်နက်နက် ချောက်ကမ်းပါးကြီးထဲသို့ ထိုးကျသွားတော့မည်.. အိုး ဘာဘဲဖြစ်ဖြစ် .. အထီးကျန် ကြေကွဲနေသော နှလုံးသားတစ်စုံနှင့် အသက်ရှင်နေရတာထက် စာလျှင် သေခြင်းတရားကို ရွေးချယ်သွားသော သူမကို ဘယ်သူကမှ သတိရရ ဖြစ်နေကြမည် မထင်ပေ။ တဒင်္ဂအတွင်း ချုပ်ငြိမ်းသွားနိုင်သော သောကများစွာတို့အတွက် ဒီလမ်းကို သူမ ရွေးချယ်ခဲ့ခြင်းသည် နေပျော်ချင်စရာ မရှိတော့သော လူ့လောကကြီးရဲ့ ရက်စက်မှုသာ ဖြစ်လေသည်။ ဒီခါးသီးသော သူမ၏ ဘ၀ စာမျက်နှာတို့ကို စွန့်ခွာခဲ့ချင်ပါပြီ။ နောက်ဆုံး ခြေတစ်လှမ်းလေး မလှမ်းခင်မှာ သူမ ဆုတောင်းလေးတစ်ခု ပြုခဲ့ချင်သည်က နောင်ဘ၀ဆိုတာများ ရှိခဲ့ရင် မိဘအစုံအလင်နှင့် နေရသော ပျော်ရွှင်ချမ်းမြေ့ဖွယ် မိသားစုလေးဘ၀ကို ပိုင်ဆိုင်ခွင့်ရပြီး၊ ချစ်သူဆိုသော သူထံမှလည်း အဆုံးမရှိသော သစ္စာတရားနှင့် ချစ်ခြင်းတရားများကို သူမတစ်ယောက်တည်းသာ ပိုင်ဆိုင်ခွင့် ရချင်ပါသည်။


ဆုံးဖြတ်ချက်တစ်ရပ်ကို ခိုင်ခိုင်ချကာ လှမ်းလိုက်သော ခြေတစ်လှမ်းက သူမ၏ကိုယ်ခန္ဓာလေးကို တိမ်မျှင်တစ်စလို လေထဲမှာ ပေါ့ပါး လွှင့်မျောသွားစေလေတော့သည်။



ဟိုး……….. အဝေးက လွတ်လပ်ခြင်း၊ တည်ငြိမ်ခြင်း၊ အေးချမ်းခြင်းနဲ့ ချစ်ခြင်းမေတ္တာတွေ ရှိတဲ့ နေရာလေးတစ်ခု ဆီ …….



~~~~~~~~~~~~~~~~~~~~~~~~~


(စိတ်ထွက်ပေါက်လေး တစ်ခုအတွက်)


လင်းမြကြည်ဖြူ
(၁၁.၈.၂၀၁၀)

လိပ်ပြာမလုံသူ







 သူမမှာ ရှိသည့် အကျင့်တစ်ခုက ညနေတိုင်း ဒီမြစ်ဆိပ်က ကျောက်တုံးကြီးတွေပေါ်ထိုင်ရင်း မြစ်တစ်ဖက်ကမ်းက ရှုခင်းတွေကို ငေးမောကြည့်ရှုတတ်သလို မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းရဲ့ ပွေ့ဖက်မှုကိုလည်း ခံယူတာကို သူမက နှစ်သက်လှပါသည်။ မြစ်ပြင်မှာ လှိုင်းကြက်ခွပ်ကလေးတွေ ထနေတာ နေရောင်ရဲ့ ရွှေအဆင်းနဲ့ ထိအတွေ့မှာ ရောင်ပြန်လက်ရင်း တစ်ဖျတ်ဖျတ် တောက်ပနေပုံက ညနေခင်းဆည်းဆာအောက်မှာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါဘဲ။ နှစ်သက်ဖွယ် ကောင်းလွန်းလှပါသည်။ ရှုခင်းတွေကြည့်၍ ၀လျှင်တော့ ပါလာသည့် ဖတ်စရာ စာအုပ်တစ်အုပ်ပို ထုတ်ကာ ဖတ်နေတတ်သည်။ စဉ်စားကြည့်ပါ။ ညနေခင်းမှာ လေပြေတစ်လွှင့်လွှင့် တိုက်ခတ်နေချိန်တွင် စာအုပ်လေး ဖတ်နေရတဲ့ အရသာသည် ဘယ်လောက်များ ဇိမ်ကျဖို့ ကောင်းမည် ဆိုတာ။ ယခုလည်း သူမတွင်ပါလာသော စာအုပ်လေးကို ဖတ်နေရာမှ မျက်စိညောင်းလာသဖြင့်မြစ်ပြင် ရှုခင်းတွေဘက် ပြန်ပြီး အကြည့်ရောက်သွားမိသည်။



သည်စဉ်မှာဘဲ သူမ မြင်ကွင်းထဲ ၀င်လာတာက မြစ်တစ်ဘက်ကမ်းကနေ အသက် ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် မြစ်ရေပြင်ကို ဖြတ်ကူးလာတာဘဲ ဖြစ်သည်။ သည်မြစ်ရေက အချို့နေရာများတွင် လူကူး၍ ရနိုင်လောက်အောင် ယောက်ျား ပေါင်ရင်းနားလောက်ထိ တိမ်သော နေရာ ရှိသည်။ သို့သော် လမ်းကြောင်းတော့ ကျွမ်းကျင်ရမည်။ မဟုတ်လျှင် လူတစ်ရပ်မြုပ်သည့်နေရာသို့ ရောက်သွားတာမျိုး ဖြစ်နိုင်သေးသည်။ ယခု မြစ်ကို ဖြတ်ကူးလာသော ကလေးမလေး ကြည့်ရသည်မှာ သည်မြစ်ကို ကူးနေကျလား မသိ။ သူ့မှာ ဘာအပူအပင်မှ မရှိသလို အေးအေးဆေးဆေး အနေအထားမျိုးနှင့် တစ်ဖြေးဖြေး ကူးလာခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ လူကြီးတစ်ယောက်ယောက် မပါဘဲ ကလေးချည်းဘဲ မဖြတ်စေချင်ပါ။ ထို့ကြောင့် အော်ဟစ်တားမြစ်လိုက်ဖို့ စိတ်ကူးရလိုက်မိသော်လည်း ကူးနေကျ ဖြစ်မှာပါလေ ဟု စိတ်ကို ပြန်လျှော့ချလိုက်ကာ သူမတွင် ပါလာသော စာအုပ်ကလေးကို ပြန်ဖတ်နေလိုက်တော့သည်။


သို့သော် သူမစိတ်က မဖြောင့်.. စာထဲ စိတ်မရောက်နိုင်ဘဲ မြစ်ကို ဖြတ်ကူးနေသော ကလေးမလေး အတွက် စိတ်က ပူနေမိသဖြင့် မကြာမကြာ လှမ်းကြည့်နေမိသည်။ တတိယအကြိမ်မြောက် သူမ ကြည့်မိလိုက်စဉ်တွင် ကလေးမလေးမှာ ရေနစ်နေသည်ကို သူမ လှမ်းတွေ့လိုက်ရသည်။ ခေါင်းပင် မပေါ်တော့ဘဲ လက်နှစ်ဖက်သာ ဖော်နိုင်ပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေလေပြီ။ သူမ လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး ဘေးဝန်းကျင်ကို အကူအညီ တောင်းနိုင်ဖို့ လှမ်းကြည့်မိသော်လည်း လူရိပ်လူခြေ မမြင်ရဘဲ တိတ်ဆိတ်နေသော ၀န်းကျင်သာ သူမအနီးတစ်ဝိုက် ရှိနေလေသည်။ ရေကူးတတ်သော သူမက ထိုကလေးမလေးဆီ ကူးခတ်သွားဖို့ လွယ်အိတ်နှင့် ဖိနပ်ကို ချွတ်ပစ်လိုက်စဉ် လှေကလေးတစ်စင်းက ရေနစ်နေသော ကလေးမလေးဆီ တစ်ရွေ့ရွေ့ လှော်ခတ်သွားနေသည်ကို တွေ့လိုက်ရသဖြင့် အသာ ကိုယ်ရှိန်သတ်ကာ ကမ်းပေါ်ကနေသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်မိသည်။ လှေသမားသည် ရေနစ်နေသူ ကောင်မလေးနှင့် မလှမ်းမကမ်း ရောက်ချိန်တွင် လှေလှော်ခြင်းကို ရပ်လိုက်ကာ လှော်တက်ကို လှမ်းပေးလိုက်လေသည်။


ရေနစ်နေသော ကလေးမလေးမှာ ခေါင်းပင်မပေါ်သဖြင့် သူ့လှော်တက်ကို မြင်ဟန်မတူသလို လှော်တက်ကိုလည်း လှမ်းကိုင်နိုင်သည့် အသိစိတ်လည်း ရှိဟန်မတူ။ သို့သော်လည်း လှေပေါ်က လှေသမားကတော့ ရေထဲဆင်းဖို့ စိတ်မကူးဘဲ လှော်တက်ကိုသာ တွင်တွင် ပေးနေလေသည်။ ကြည့်နေရင်း ဒေါသတွေ တနုံ့နုံ့ထွက်လာရသော သူမသည် “ရေထဲဆင်းဆယ်လိုက်ပါလား” ဟု အော်လိုက်သော်လည်း လှေသမားက မကြားသည်လား၊ မကြားဟန်ပြုနေသည်လားတော့ မပြောတတ် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ကလေးမလေးအား သူ့လှော်တက်ကိုသာ အတွင်သား ကမ်းပေးနေလေတော့သည်။


ကြည့်နေရင်း အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်သော သူမက ရေထဲကို ခုန်ဆင်းလိုက်ပြီး ရေနစ်နေသော ကလေးမလေး ရှိရာကို အားသွန် ကူးခတ်မိတော့သည်။ သူမ ကလေးမလေးဆီရောက်ဖို့ အနည်းငယ်အကွာအဝေးသာ လိုတော့ချိန်တွင် လှေသမားသည် လှေပေါ်မှနေ၍ လှော်တက်ကြီး ကိုင်ရက်သား ကြောင်ပြီး ရပ်ကြည့်နေသလို ကလေးမလေးမှာတော့ရေပြင်ပေါ် ပေါ်မလာတော့ပါ။ သူမ သွေးရူးသွေးတန်းဖြင့် ပိုပြီးအားစိုက်ကာ ကူးခတ်ရင်း “ မနှစ်သွားပါနဲ့ဦး ကလေးရယ်… ငါမင်းဆီကို ရောက်အောင်လာနေတယ်.. ငါ့ကို ခဏလောက်တော့ စောင့်ပါဦး။ ငါ မင်းကိုကယ်မှာပါ ” ဟု တတွတ်တွတ် ရေရွတ်နေမိသလို လက်တွေ ခြေထောက်တွေကလည်း သူမဘ၀တွင် အမြန်ဆုံးသော နှုန်းထားနှင့် ကူးခတ် လှုပ်ရှားနေမိတော့သည်။


ကလေးမလေး ရေနစ်နေရာအရောက်တွင် လုံးဝ ပေါ်မလာတော့သော ကလေးမလေးအား တွေ့လိုတွေ့ငြား အပြန်ပြန် အလှန်လှန် ရေငုတ်ကာ ရှာဖွေနေမိသလို၊ ခပ်လှမ်းကိုများ မျောပါသွားလေမည်လား ဟူ၍လည်း တွေးတောရင်း ထိုနေရာတစ်ဝိုက်တွင် ထက်အောက် စုံခြည်ဆန်ခြည် ရေငုပ်ရင်း ထပ်ခါထပ်ခါ ရှာဖွေနေမိတော့သည်။ ကလေးမလေး ရေနစ်သော နေရာသည် သူမအရပ်နှင့်ဆိုလျှင် ရင်ဘတ်လောက် ရှိသော နေရာဖြစ်လေသည်။ ခပ်နောက်နောက် မြစ်ရေကလည်း ကလေးမလေးကို အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ပေးထားသလို ဖြစ်နေရလေသည်။ ကြည့်ရသည်မှာ ကလေးမလေးသည် ရေကူးရင်း လမ်းကြောင်းလွဲမိတာ ဖြစ်နိုင်လေသည်။ အချိန်အတော်လေးကြာတော့ ရေငုပ်ရလွန်း၍ သူမ မျက်စိတွေ နီရဲကျိန်းစပ်လာသလို၊ နားတွေလဲ အူကာ နာကျင်ရတော့ချိန်တွင်မှ သူမ ရေငုပ်တာ ရပ်လိုက်တော့ လှေပေါ်တွင် ခုချိန်ထိ အရုပ်တစ်ခုလို ရှိနေသေးသော လှေသမားကို မြင်လိုက်မိချိန်တွင် သူမဒေါသတွေ ပေါက်ကွဲသွားတော့သည်။


“ မင်းအသုံးမကျလို့ ဒီကလေးသေရတာ မင်းရဲ့အဝတ်တွေက ဒီကလေးအသက်ထက် ပိုပြီး တန်ဖိုးကြီးနေလို့လား အသုံးမကျတဲ့ကောင် သေသင့်တာက မင်း ”ဟု သူမက လှေသမားကို ပက်ပက်စက်စက် ဒေါသတကြီး ပြောလိုက်မိပါတော့သည်။ သို့သော် လှေသမားကတော့ သူ ရေမကူးတတ်တဲ့အတွက် ရေထဲဆင်း မဆယ်ရဲတာဖြစ်ကြောင်း သူမကို လေသံ ပျော့ပျော့နဲ့ ပြန်ပြီး ပြောလာပါသည်။ ဒေါသထွက်လွန်းနေသော သူမက “ရေမကူးတတ်ရင်လည်း လှေပေါ်ကနေ ကလေးမလေးရဲ့ လက်ကို လှမ်းကိုင်ပြီး ဆွဲတင်လိုက်ရင် ရတာပဲ ဒါမှ မရရင် ရေထဲဆင်းပြီး လက်တစ်ဘက်က လှေ ကို ကိုင် ကျန်လက်တစ်ဘက်က ကလေးမလေးကို အသာလေးတွဲထားပြီး လှေပေါ်ကို ဖြေးဖြေးချင်း တွန်းတင်ပေးလိုက်ရင် ဖြစ်တာဘဲ မဟုတ်လား ရေက ကလေးအတွက် နက်ပေမဲ့ လူကြီးအတွက်တော့ လည်ပင်းအထိဘဲရှိတာ နစ်ပြီး မသေနိုင်ပါဘူး မင်း သတ္တိ မရှိရင် ဘာဖြစ်လို့ လာခဲ့သေးလဲ မင်းလှေကို တွေ့လိုက်လို့ ငါလည်း ရေထဲဆင်းဖို့ နောင့်နှေးသွားခဲ့ရတာ ဒါမဖြစ်သင့်ဘဲ ဖြစ်သွားရတာ မသေသင့်ဘဲ သေသွားရတာ” ဆိုကာ မနားတမ်း အရူးတစ်ယောက်လို သူမ ပြောနေမိပါတော့သည်။


မကြာခင်တွင်တော့ ရေနစ်နေသည့် သတင်းကြားပြီး ဆိပ်ကမ်းအနီးတစ်ဝိုက်မှ လူများ ရောက်ရှိလာကာ ယောက်ျားကြီး တစ်ချို့ ရေထဲ ဆင်း၍ ကလေးမလေးအား ဝိုင်းပြီး ရှာဖွေကြလေတော့သည်။ ထိုအချိန်တွင် လှေသမားမှာ လူတွေ အများကြီးရောက်သဖြင့် သူမ ကဘဲ သူ့အကြောင်းကို လူတွေသိအောင် ပြောမှာ စိုး၍လား၊ သူ့ကိုယ်သူ လိပ်ပြာမလုံတော့လို့လားတော့မသိပါ။ လှေကလေးကို လှော်ခတ်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ နောက်တစ်ကြိမ်လည်း ထိုလှေသမား လုံးဝ ပြန်ပေါ်မလာတော့ပါ။


နောက်ထပ် နာရီဝက် လောက်ကြာတော့မှ ကလေးမလေး ကို သူနှစ်မြုပ်သွားသော နေရာလေးနှင့် မနီးမဝေးမှာဘဲ လူကြီးတစ်ယောက်က သွားတွေ့ပါသည်။ ကလေးမလေးသည် နွံ ထဲတွင် နှစ်မြုပ်သွားခြင်း ဖြစ်သော်ကြောင့် သူ၏အလောင်းကို နွံတွေကြားထဲမှာ ပြန်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကလေးမလေးအား ကမ်းပေါ် ခေါ်တင်လာကြကာ အသက်ရှင်လို ရှင်ငြား ရေများ အန်ထွက်အောင် ဝိုင်းဝန်း ပြုစုကြပါသည်။ သို့သော် ကလေးမလေးကတော့ ပြန်လည် နိုးထမလာတော့ပါ။


သူမသည်လည်း ကလေးမလေးကို ပြန်တွေ့ပြီ ဖြစ်တာကြောင့် ကမ်းပေါ်သို့ နှေးကွေး လေးလံစွာ ပြန်လည်ကူးခပ် လာခဲ့သည်။ ကလေးမလေး အလောင်းနားကိုလည်း သွားမကြည့် ဖြစ်တော့ပါ။ ထို မြင်ကွင်းကို ကြည့်ဖို့လည်း သူမ အားမရှိသလို ကြည့်လည်း မကြည့်ချင်ပါ၊ ကြည့်လည်းမကြည့်ရက်ပါ ။ ကိုယ့်မျက်စိရှေ့မှာတင် အသက်ဆုံးရှုံးသွားသူ တစ်ဦးကို ကြည့်ဖို့လည်း သူမစိတ်က လုံခြုံမှု မရှိသလို ခံစားနေရသည်။ မျက်စိ ရှေ့မှောက်မှာဘဲ အသက်ရှင်ဖို့ အတွက် အတင်း ကြိုးစားရုန်းကန်ရင်း နှစ်မြုပ် သေဆုံးသွားခဲ့ရသော ကလေးမလေး၏ ပုံရိပ်က သူမ ရင်ကို ဆို့နင့်စွာ နာကျင်ခံစားနေရသည်။


တော်ပါသေးသည်။ ကမ်းစပ်မှာထားခဲ့သော သူမအိတ်နှင့် လွယ်အိတ်ကလေးမှာ ဒီအတိုင်းသာ ရှိနေသေးသည်။ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ကာ ဖိနပ်စီးလိုက်ချိန်တွင်တော့ သူမ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည့် အသိကို ခံစားလိုက်ရသည်။ သူမ ဖျားနေပြီ။ ရေထဲတွင် ဘယ်လောက် ကြာသွားသည်ကို သူမကိုယ်တိုင် မစဉ်းစားမိသလို အမှတ်လည်း မထားမိနိုင်လောက်အောင် ပူလောင်စိုးရိမ်စိတ်တို့ဖြင့် ပြာယာခတ်နေခဲ့မိသည်။ သို့သော် ကလေးမလေး သေဆုံးရမှုတွင် သူမကိုယ်တိုင် အပြစ်ကင်းပါရဲ့လားဟု ပြန်တွေးမိတော့ ရင်ထဲ နာကျင်လို့လာသည်။


ရေနစ်နစ်ခြင်းသာ သူမ ကူးခတ်သွားကာ ကယ်လိုက်လျှင် ကလေးမလေး ဒီလို အဖြစ်ဆိုးနှင့် ကြုံမည် မထင်ချေ။ လှေသမားကိုမြင်လိုက်၍ ရပ်ကြည့်နေလိုက်သော သူမတွင်လည်း ကလေးမလေး အသက်ဆုံးရှုံးရမှုအတွက် တာဝန်ရှိသလို ခံစားနေမိပြန်သည်။ တစ်ကိုယ်လုံး တုန်ရီမူးဝေလာသော ကြောင့် သူမကိုယ်သူမ အသာထိန်းလိုက်ရင်း အားတင်းကာ ဆိုင်ကယ်ကို စက်နိုး၍ ဆိပ်ကမ်းမှ ထွက်ခွာလာတော့ ဆိုင်ကယ်မောင်းသည့် အရှိန်နှင့် တိုက်လာသော လေအေးအေးက သူမရင်ကို မအေးမြစေနိုင်တော့ပါ။ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်အောင် ပူလောင်ရင်း သူမရင်ထဲမှာလည်း ဆုံးရှုံးသွားသော အသက်တစ်ချောင်းအတွက် ပူလောင်သော ခံစားချက်များဖြင့် ငိုကြွေးနေမိပါတော့သည်။


လှေသမားတော့ ဘယ်လိုခံစားရမည်မသိ။ သူမကတော့ လိပ်ပြာမလုံသလို၊ အပြစ်မကင်းသလို ခံစားနေရသော သည်မြင်ကွင်းကို ဘယ်အချိန် ဘယ်ကာလကြာသည့်တိုင်အောင် သူမ မေ့နိုင်မည် မထင်ပါ။ လူတစ်ယောက် သူမမျက်စိရှေ့မှောက်တွင် အသက်ဆုံးရှုံးသွားသည့် မြင်ကွင်းမျိုးလည်း ဘယ်သောအခါမှ ထပ်မံမမြင်တွေ့လိုပါဟု သူမ ရင်ထဲက ဆုတောင်းလိုက်မိပါသည်။




လင်းမြကြည်ဖြူ

၂၆.၁၀.၂၀၁၀

စွဲလန်းခြင်းတစ်စုံတစ်ရာ



“ကြည်နူးရိပ်

သူမရဲ့ စာအုပ်ဆိုင်လေး နံမည်လေးဖြစ်ပါသည်။

စာအုပ်တွေကို ချစ်မြတ်နိုးသော သူမက စာအုပ်အငှားဆိုင်လေး တစ်ခု ဖွင့်မည်ဟု စဉ်းစားမိသောအခါ ဆိုင်နံမည်လေးကို သူမကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ကာ ဒီနံမည်လေး ပေးဖြစ်ခဲ့သည်။ သူမကတော့ စာအုပ်တွေဖတ်နေရလျှင် စာအုပ်တွေကြားမှာ နေရလျှင် ပျော်ရွှင်ကြည်နူးနေတတ်သူ ဖြစ်သောကြောင့်လည်း စာအုပ်ဝါသနာရှင်များလည်း သူမဆိုင်ကလေးကို ရောက်လာလျှင် ကြည်နူးနိုင်လိမ့်မည်ဟု သူမက မျှော်လင့်စိတ်ဖြင့် ထိုနံမည် ပေးခဲ့ခြင်းသာ ဖြစ်ပါသည်။ စီးပွားရေးသက်သက်ကြောင့် မဟုတ်ဘဲ ၀ါသနာ ပါ၍ ဖွင့်ဖြစ်သောကြောင့် သူမဆိုင်ကလေးက စာဖတ်ဝါသနာပါသူတို့အတွက် စာအုပ်အမျိုးအစား စုံလင်လွန်းလှသည်။ သူမက ဘယ်လိုစာအုပ်မျိုးကို စာဖတ်သူတွေ ကြိုက်မယ်ဆိုတာ သိသူမို့ သူမ ဆိုင်တွင် လူကြိုက်များသော စာအုပ်များ၊ စာဖတ်သက်တမ်းရင့်သူများ ကြိုက်နှစ်သက်မည့်စာအုပ်များ၊ စာဖတ်ခါစ လူငယ်များ ကြိုက်နှစ်သက်မည့် စာအုပ်များ စသဖြင့် စာအုပ်အမျိုးအစားမျိုးစုံ ရှိနေတတ်သည်။


မနက်မှ ညနေအထိ မြို့ထဲက စတိုးဆိုင်တစ်ခုတွင် စာရင်းကိုင်အလုပ်ကို လုပ်ပြီး သူမ၏ ဆိုင်ထိုင်ချိန်သည် ညနေ ၆နာရီတွင် စတင်တော့သည်။ နေ့ခင်းတွင်တော့ စာအုပ်ငှားသူများ ကျဲပါးတတ်ပြီး အိမ်ရှိ လူများက တစ်လှည့်စီ သူမဆိုင်ကို စောင့်ပေးတတ်သည်။ လူမရှိလျှင်တော့ ဆိုင်ပိတ်ထားတတ်သော်လည်း တကယ်တမ်း သူမတို့စာအုပ်ဆိုင်ရဲ့ လူအငှားကျချိန်သည် ညဦးပိုင်းတွင်သာ ဖြစ်လေသည်။ ည ၇နာရီ ၈နာရီတွင် စားအုပ်ငှားသူများနှင့် လူစည်ကားတတ်ပြီး ၈နာရီကျော်ပြီး နောက်ပိုင်းတွင် တဖြေးဖြေး လူကျဲပါးသွားတတ်သည်။ သူမကတော့ ငှားသူမလာသည့်အချိန်တွင် စာအုပ်စင်မှ စာအုပ်များကို တစ်အုပ်ပြီးတစ်အုပ် ဖတ်နေလေ့ရှိပြီး ၉နာရီခွဲတွင်မှ ဆိုင်ပိတ်လေ့ ရှိပါသည်။ ထိုအချိန်သည် သူမ၏ ပုံမှန်ဆိုင်ပိတ်ချိန်သာ ဖြစ်လေသည်။

ယနေ့သည် မိုးအနည်းငယ် အေးသောကြောင့် စာအုပ်ငှားသူ အခါတိုင်းထက် ကျဲပါးသည်။ ၉နာရီထိုးပြီမို့ ဆိုင်ပိတ်မည်ဆိုလျှင် ပိတ်လို့ရနေပြီ ဖြစ်သော်လည်း သူမကတော့ မင်းလူရဲ့ စာအုပ်တစ်အုပ်ကို ဖတ်နေသဖြင့် စာအုပ်ထဲ အာရုံဝင်စားနေသောကြောင့် ဆိုင်ပိတ်ဖို့ စိတ်မကူးမိဘဲ  ဇိမ်ကျနေသလို ရှိနေလေသည်။ ထိုအချိန်တွင် သူမဆိုင်ရှေ့တွင် ဆိုင်ကယ်တစ်စီး ထိုးရပ်လိုက်သံကြားရပြီး  ဆိုင်ထဲသို့ လူတစ်ယောက် ၀င်လာသည်ကို မော့မကြည့်ပေမဲ့ သူမ သိလိုက်ပါသည်။ ထိုသူဆိုင်ထဲ ၀င်လာတာနှင့် ရနံ့သင်းသင်းဖျော့ဖျော့ တစ်ခုကပါ သူမနှာဝတွင် ရှုရှိုက်မိလိုက်သည်။ ဘာရနံ့ရယ်လို့ သူမ မသိသော်လည်း အမျိုးသားသုံး ရေမွှေးရနံ့ တစ်ခုခုတော့ ဖြစ်မည်မှန်း သူမ သိလိုက်ပါသည်။


“ကျွန်တော် စာအုပ်ငှားချင်လို့ပါ” ဆိုင်ထဲဝင်လာသူ၏ စကားအဆုံး ထိုသူကို သူမ မော့ကြည့်လိုက်တော့ သူမထံတွင် တစ်ခါဖူးမှ ငှားလေ့ငှားထ မရှိသောသူဖြစ်ကြောင်း သူမ သိလိုက်သည်။ “တစ်ခါမှ မငှားဖူးဘူး ထင်တယ်နော်” သူမအမေးစကားအဆုံး

“ဟုတ်ပါတယ်.. ကျွန်တော် ဒီမြို့ကို ရောက်တာ မကြာသေးပါဘူး… အသိတစ်ယောက်က ဒီဆိုင်မှာ စာအုပ်စုံတယ်ဆိုလို့ စာအုပ်ငှားဖို့ ဒီဆိုင်ကို ရောက်လာတာပါ။”

“ဟုတ် .. ငှားလို့ရပါတယ်.. ဒါပေမဲ့ တစ်ခါမှ မငှားဖူးရင်တော့ စပေါ်ငွေ တင်ရပါတယ်.. ”

“ရပါတယ်.. ကျွန်တော် စပေါ်ငွေတင်ပါ့မယ်.. ” ဟု ပြန်ပြောလေသည်။ ထို့နောက်တော့ ထိုသူသည် စာရေးဆရာနံမည်အလိုက် စီရီထားသော စာအုပ်စင်ပေါ်မှ သူနှစ်သက်သော စာရေးဆရာတို့၏ စာအုပ်များကို ရှာဖွေနေတော့သည်။ သူမလည်း ဖတ်လက်စ စာအုပ်ကို ငုံ့ဖတ်နေတော့သည်။

သူ စာအုပ်တွေ ရွေးနေသည်မှာ ၁၀မိနစ်ခန့် ကြာမည်ထင်သည်။ နောက်တော့ သူမရှေ့က စားပွဲပေါ်တွင် စာအုပ် ၃အုပ်ကို ထိုသူက လာချပေးပြီး “ဆိုင်က စာအုပ်တွေ သိပ်စုံတာဘဲနော်.. ဒီလောက်စုံတဲ့ စာအုပ်တွေ တွေ့တော့ ကျွန်တော် အရမ်းဝမ်းသာမိတယ်.. ကျွန်တော်က စာဖတ် ၀ါသနာကြီးသူမို့ ဘယ်ရောက်ရောက် စာအုပ်တွေက ကျွန်တော့်အတွက် မရှိမဖြစ်ပါဘဲဗျာ.. ကျွန်တော် ဒီစာအုပ်၃အုပ် ငှားသွားမယ်နော်.. ” ဟု ပြောသည်။ သူမက စာအုပ်များကို စာအုပ်အငှားစာရင်းတွင် မှတ်တမ်း ရေးသွင်းလိုက်ပြီး သူ့နံမည်နှင့် နေရပ်လိပ်စာ တောင်းတော့ စည်သူကျော်ဇော ဟု ပြောပြီး သူမတို့မြို့တွင် ရုံးခွဲတစ်ခု ဖွင့်လှစ်ပြီး လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသော NGO တစ်ခု၏ လိပ်စာကို သူပြောသည်။ ထိုအခါမှ သူမ သိလိုက်သည်က ထိုသူသည် သူမတို့ မြို့ကလေးတွင် ရှိသော ၄င်း NGO ရုံးခွဲသို့ တာဝန်ထမ်းဆောင်ဖို့ ရောက်လာသူဖြစ်လိမ့်မည်။ သူပြောသော လိပ်စာမှာ သူမတို့မြို့တွင်ရှိ တစ်ခုတည်းသော NGO အဖွဲ့၏ လိပ်စာလည်း ဖြစ်သည်မဟုတ်ပါလား။ သူမ စာအုပ်၃အုပ်အတွက် စပေါ်ငွေကို ၅၀၀၀ တောင်းယူထားလိုက်သည်။ သူငှားသော စာအုပ်များကို ကြည့်သည်နှင့် ထိုသူသည် စာဖတ်သက် အတော်ရင့်သူမှန်း သိသာစေသည်။ စာအုပ်၃အုပ်ကို ကောက်ယူပြီး သူမကို ကျေးဇူး ဟု ခပ်တိုးတိုး ပြောကာ ဆိုင်အရှေ့တွင်ရပ်ထားသော ဆိုင်ကယ်အမြင့်ကြီးကို မောင်း၍ ထွက်ခွာသွားသော ထိုသူသဏ္ဍာန်ကို တဒင်္ဂတော့ သူမ ငေးခနဲကြည့်ရင်း ကျန်ခဲ့မိရတော့သည်။ အရပ်အတော်မြင့်ပြီး ကြည့်ကောင်းလှသော ဥပတိရုပ်ပိုင်ရှင် တစ်ယောက်မှန်း သူမ မှတ်မှတ်ထင်ထင် သတိထားလိုက်မိသည်။ ဆိုင်ထဲတွင် ထိုသူ မရှိတော့သော်လည်း သူဝင်ရောက်လာစဉ်က ရခဲ့သော ရနံ့ သင်းပျံ့ပျံ့တစ်ခုက ယခုတိုင် ဆိုင်ထဲတွင် ဝေ့၀ဲကျန်ရစ်ခဲ့လေသည်။

၂ရက်ခြား ၃ရက်ခြားတစ်ခါ ထို စည်သူကျော်ဇော ဆိုသူသည် သူမစာအုပ်ဆိုင်ကလေးတွင် စာအုပ်များ လာငှားလေ့ရှိပြီး သူလာတိုင်းလည်း သူမ မှတ်မိနေသော ရနံ့တစ်မျိုးက သူနှင့်အတူ အမြဲ ပါလာတတ်သည်။ သူ့ကို ရင်းနှီးယုံတင်မက သူ့ထံမှ ရတတ်သော စွဲမက်ဖွယ် သင်းပျံ့ပျံ့ ရနံ့လေးကိုပင် သူမ မှတ်မိနေတတ်ပြီ။ ကောက်ချက်ချရလျှင် ထို စည်သူကျော်ဇောဆိုသည်သူ ပညာတတ် လူရည်မွန်တစ်ယောက် ဖြစ်ပုံရပြီး သန့်သန့်ပြန့်ပြန့် နေထိုင်တတ်ပုံရသော သူတစ်ယောက်လည်း ဖြစ်လေသည်။ ဂျင်းဘောင်းဘီနှင့် တီရှပ်ရောင်စုံ ၀တ်ဆင်တတ်ပြီး အ၀တ်အစားများမှာလည်း သန့်ရှင်းသပ်ရပ်နေတတ်သည်။ သူ့ကိုကြည့်လိုက်လျှင် ရေချိုးပြီးခါစ လူတစ်ယောက်လို လတ်ဆတ်သော ရနံ့တစ်မျိုးနှင့်အတူ အမြဲ ရှင်းသန့်နေလေ့ ရှိသည်။ သူမ စာအုပ်ဆိုင်သို့ သူလာတတ်သော အချိန်သည်လည်း လူရှင်းလေ့ ရှိသော ၉နာရီလောက်တွင်သာ ပုံမှန်လာလေ့ရှိသည်။ သူပြန်အပ်သော စာအုပ်များထဲမှ အချို့အကြောင်းအရာများကို သူမနှင့် ပြန်ဆွေးနွေးလေ့ ရှိသည်။ ဆိုင်တွင်ရှိသော စာအုပ်တော်တော်များများကို ဖတ်ပြီးသော သူမကလည်း သူနှင့်အပြိုင် ပြန်လည် ဆွေးနွေးတတ်သောကြောင့် စာဖတ်ဝါသနာပါသူချင်းမို့ သူမကိုလည်း ပြန်ပြီး ခင်မင်ပုံရလေသည်။

သူမထက် အသက်၎နှစ်ခန့် ကြီးသော သူ့ကို ကိုစည်သူဟု သူမက ခေါ်တတ်ပြီး သူမကိုတော့ သူမနံမည် ကြယ်စင်လင်း ဆိုတာကို သိသော်လည်း မကြယ်စင်ဟုသာ ခေါ်တတ်သည်။ နံမည်ရှေ့ မ ထည့်မခေါ်ရန် သူမက ပြောသော်လည်း ကိုစည်သူက လေးစားသမှုနဲ့ ခေါ်တာပါ ဟု ပြောကာ မကြယ်စင် ဟုသာ ခေါ်မြဲ ခေါ်တတ်လေသည်။ ဆိုင်လာတိုင်းလည်း ဆိုင်ကယ်အမြင့်ကြီးကို စီးလာတတ်ပြီး သူလာတိုင်းလည်း သူ့ဆီက ရနေကျ ရနံ့ခပ်ဖျော့ဖျော့က အမြဲတမ်း ပါလာတတ်သည်။ တစ်ရက်တွင် ကိုစည်သူက ဆရာမဂျူး၏ “ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ ” စာအုပ်နှင့် ဆရာ မြသန်းတင့် ဘာသာပြန်ထားသော “လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ” စာအုပ်ကို ဖတ်ချင်သည်ဟု ပြောသည်။ ထိုစာအုပ်များမှာ တစ်ခြားသူများ ငှားထားသည်ဖြစ်၍ ထိုနေ့က သူမဆိုင်တွင် ရှိမနေသဖြင့် နောက်ရက်ပြန်လာအပ်လျှင် သိမ်းထားပေးမည်ဟု သူမက ကတိပေးလိုက်လေသည်။ ထိုနေ့က ကိုစည်သူက ဆရာမောင်ထွန်းသူနှင့် ဆရာထင်လင်း၏ ဘာသာပြန်နှစ်အုပ်ကို ငှားပြီး သူဖတ်ချင်သော စာအုပ်ကို ဆက်ဆက်ချန်ထားပေးဖို့ မှာပြီး နောက်တစ်ရက်ခြား ဖြစ်သော သန်ဘက်ခါ ညနေတွင် လာယူမည်ဟု ပြောကာ ပြန်သွားခဲ့လေသည်။

နောက်ရက် ညနေပိုင်းတွင် ကြယ်စင်တံတားနှင့် လွမ်းမောခဲ့ရသော နွေညများ စာအုပ်ကို ငှားထားသူက ပြန်လာပို့သောကြောင့် သူမက ထိုစာအုပ်၂အုပ်ကို တော်ရုံ မမြင်နိုင်သော စာအုပ်စင်အမြင့် အပေါ်ဆုံးဆင့်တွင် ကိုစည်သူအတွက် လှမ်းတင်ထားလိုက်လေသည်။ ဒီညသည် ကိုစည်သူ လာလိမ့်မည် မဟုတ်သောကြောင့် မနက်ဖန် ည သူလာလျှင် ပေးဖို့ ကြိုပြီး သိမ်းထားလိုက်ခြင်း ဖြစ်ပြီး အခြားသူများ မြင်လျှင် ထပ်ငှားသွားမည် စိုးသောကြောင့် လူမမြင်နိုင်သော နေရာတွင် သိမ်းထားလိုက်ခြင်းသာ ဖြစ်လေသည်။ ရည်မွန်ယဉ်ကျေးကာ စကားပြောလျှင် အေးဆေးညင်သာစွာဖြင့် ခပ်ပြုံးပြုံးလေး ပြောတတ်ပြီး သူမ အပေါ်တွင်လည်း အခြား ယောက်ျားလေးများလို ရိသဲ့သဲ့စကားများ မပြောတတ်ဘဲ  ကိုယ်ရေးကိုယ်တာများကိုလည်း ဘယ်တော့မှ စပ်စုမေးမြန်းတတ်ခြင်း မရှိသော ကိုစည်သူကို သူမ စိတ်ထဲကလည်း နှစ်နှစ်ကာကာ ခင်မင်မိပါသည်။ ပြီးတော့  သူနှင့်အတူ ပါလာတတ်သော ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်မျိုးကိုလည်း သူမက ရင်းရင်းနှီးနှီး နှစ်သက်နေမိပြီ ဖြစ်လေသည်။

ထိုနေ့ နေ့လည်ခင်းတွင် သူမ အလုပ်လုပ်သော စတိုးဆိုင်တွင် သူမနှင့်အတူတူ စာရင်းကိုင်လုပ်သည့် သူငယ်ချင်း မြနှင်းဖြူက သူမကို သတင်းတစ်ခု ပေးလေသည်။ “မနေ့ညနေက ငါတို့အိမ်နားက မြို့ပတ်လမ်းနဲ့ အဝေးပြေးလမ်းဆုံမှာ ယာဉ်တိုက်မှု ဖြစ်တယ် သိလား.. ကားနဲ့ဆိုင်ကယ် တိုက်မိတာ.. ကားမောင်းတဲ့သူက နည်းနည်း မူးနေတယ်.. အဲဒါ ရှေ့က လာနေတဲ့ ဆိုင်ကယ်ကို မူးမူးနဲ့ ၀င်တိုက်မိတာ ဆိုင်ကယ်သမားက ပွဲချင်းပြီး ဆုံးသွားတယ်.. ဆိုင်ကယ်နဲ့လူက ဒီမြို့ကို ရောက်လာတာ မကြာသေးတဲ့ NGO က ၀န်ထမ်း အရာရှိတစ်ယောက်လို့ ပြောကြတယ်..”

နှင်းဖြူစကားအဆုံး သူမ နှင်းဖြူမျက်နှာကို အထိတ်တလန့် ကြည့်မိလိုက်လေသည်။

“ နင် သူ့မည် သိလားဟင်… အဲဒီ သေသွားတဲ့သူနံမည် သိလိုက်လား ” သူမရဲ့ အမောတကော မေးသံအဆုံး နှင်းဖြူက “ဟင့်အင်း နံမည်တော့ မသိလိုက်ဘူး.. အိမ်က မောင်လေးတွေ ပြောတာ NGO က ၀န်ထမ်း အရာရှိအသစ်လို့ဘဲ ပြောကြတယ်.. ငါလဲ သွားမကြည့်ရဲဘူးလေ.. ပွဲချင်းပြီး သေတာ ဆိုတော့ ကြည့်ရမှာကြောက်တာပေါ့။ ဘာလို့လဲဟင် အဲဒီ NGO က ၀န်ထမ်းတွေနဲ့ နင်သိလို့လား ”

“ ဟင့်အင်း.. သိတဲ့သူများ ဖြစ်နေမလားလို့ပါ” သူမ သက်ပြင်းလေးချပြီး ဖြေလိုက်မိသည်။ အိုး.. NGO မှာ ၀န်ထမ်းဆိုတာ သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ.. ကားတိုက်ခံရပြီး ဆုံးသွားတဲ့သူဟာ သူမဆီ စာအုပ်လာငှားနေကျ ကိုစည်သူ ဖြစ်လိမ့်မယ်လို့ ဘယ်သူ ပြောနိုင်မလဲနော်။ သူမဘာသာ အတွေးဖြင့် ပြန်နှစ်သိမ့်လိုက်မိတော့သည်။ ထိုနေ့တစ်နေ့လုံး အလုပ်လုပ်ရတာ  စိတ်ပါလက်ပါ မရှိသလို သူမ စိတ်ထဲတွင်လည်း တစ်စုံတစ်ရာ တင်းကြပ်မှုဖြင့် လေးလံထိုင်းမှိုင်းလို့ နေသည်။

အလုပ်မှ အိမ်ပြန်ရောက်ပြီး ညဦးပိုင်း သူမ ဆိုင်စထိုင်ချိန်မှ စလို့ သူမ ရင်ထဲတွင် ဆုတောင်းနေမိသည်က “လာနေကျအချိန်မှာ ကိုစည်သူ ရောက်လာပါစေ။ သူ့အတွက် ချန်ထားသော စာအုပ်ကို လာယူပါစေ” ဟူ၍သာ ။ ကိုစည်သူရောက်လာလျှင် သေဆုံးသွားသော ဆိုင်ကယ်စီးသူမှာ ကိုစည်သူမဟုတ်ကြောင်း သူမ သေချာသိနိုင်ပြီမို့ စိတ်အေးချမ်းမှုတော့ ရသွားမှာ သေချာသည်မဟုတ်လား။ ကိုစည်သူအပေါ်တွင် ရှိနေသော သူမ သံယောဇဉ်ကိုလည်း ခုမှ သေချာစွာ သိလိုက်မိတော့သည်။ ထိုညဦးပိုင်းသည် သူမ စာအုပ်ဆိုင်တွင် စာအုပ်ငှားသူများ တဖွဲဖွဲရောက်လာကာ ငှားသူငှား၊ ပြန်အပ်သူအပ်နှင့် လူစည်ကားနေခဲ့ပြီး သူမသည် စက်ရုပ်တစ်ခုလို စိတ်မပါလှစွာ စာအုပ်တွင် စာရင်းများ မှတ်နေခဲ့သော်လည်း  အကြည့်တို့က လက်မှ နာရီဆီသို့သာ။ ၉နာရီ မြန်မြန်ထိုးပြီး ကိုစည်သူ ရောက်လာဖို့ကိုဘဲ သူမ ဆုတောင်းနေမိသည်လေ။ ယနေ့မှ အချိန်တွေကလည်း ကုန်နိုင်ခဲလှသည်ဟု သူမ တွေးနေမိတော့သည်။

ည ၉နာရီတွင် သူမဆိုင်သည် ငှားသူမရှိတော့သဖြင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။ သူမလက်ထဲမှ ဖတ်လက်စ စာအုပ်ကို စိတ်က မရောက်နိုင်ဘဲ ကြားနေကျ ဆိုင်ကယ်သံလေး တစ်ခုကိုသာ လည်တဆန့်ဆန့်ဖြင့် မျှော်နေမိသည်။ ထိုအချိန်မှာဘဲ သူမနှာခေါင်းထဲ သင်းပျံ့ပျံ့ ရနံ့လေးတစ်ခု ၀င်ရောက်လို့လာသည်။ အိုး………… ဘုရားရေ ဒီရနံ့လေးဟာ ကိုစည်သူလာတိုင်း သူ့ဆီကနေ ရနေကျ ရနံ့လေးဘဲ ဖြစ်သည်။ သူမ ဘယ်လိုမှ မမှားနိုင်ပါ။ ရေမွှေးတစ်မျိုးတည်းကို စွဲစွဲမြဲမြဲသုံးတတ်သော ကိုစည်သူဆီက မွှေးရနံ့လေးမှန်း သူမ လုံးဝသေချာပါသည်။ ခြေဖျားလက်ဖျားများ ရုတ်ချည်း အေးစက်လို့လာပြီး စိတ်ထဲတွင်လည်း ဆိုင်ထဲတွင် သူမအပြင် အခြား တစ်ယောက်ယောက် ရှိနေသည့် ခံစားချက်မျိုးကို သိသိသာသာ ခံစားမိလေသည်။ သူမ နှုတ်မှ လွှတ်ခနဲ “ကိုစည်သူ … ကိုစည်သူ ရောက်နေတာလားဟင်…” ဟု တိုးဖွဖွလေး အသံ ထွက်သွားမိသည်။ သူမအသံကို ပြန်ကြားရသည်ကပင် ခြောက်ခြားစရာကောင်းအောင် အားနည်းဖျော့တော့နေပြီး ခြောက်ကပ် အက်ကွဲလို့နေသည်။ သို့သော် ဘာလှုပ်ရှားမှုမှ မရှိသလို ဘာအသံမှ မကြားရပါ။ ဆိုင်တစ်ခုလုံး ခပ်ဖျော့ဖျော့ ရနံ့လေးတစ်ခုက လွဲလို့ အရာရာ ငြိမ်သက်လွန်းနေသဖြင့် သူမအသက်ရှူသံ ခပ်ပြင်းပြင်းကိုပင် ပြန်ကြားရ လောက်အောင်  အရာရာက တိတ်ဆိတ်ငြိမ်သက်လို့ နေနေသည်။ တစ်စုံတစ်ရာသော မသိစိတ်၏ ခံစားချက်ဖြင့် ဆိုင်ထဲသို့ ဟိုဟိုဒီဒီ သူမ လိုက်ကြည့်နေမိသည်။ ထိုစဉ်

“ဘုတ်”

ငြိမ်သက် တိတ်ဆိတ်နေသည့် အချိန်မှာဘဲ စာအုပ်စင်ပေါ်မှ စာအုပ်တစ်ချို့ မမျှော်လင့်ဘဲ ပြုတ်ကျလာသဖြင့် သူမ ပါးစပ်မှ “အမေ့” ဟု ယောင်ယမ်းကာ အသံထွက်သွားပြီး ရုတ်တရက် ထိတ်လန့်သွားမိတော့သည်။ လေမတိုက်ပါဘဲ ပြုတ်ကျလာသော စာအုပ်များသည် ကြွက်တိုးမိသောကြောင့်လား ဟု သူမ အတွေးရောက်သွားရကာ ထိုင်ရာမှ အသာထ၍ ပြုတ်ကျလာသော စာအုပ်၂အုပ်ကို မူလနေရာတွင်ပြန်ထားဖို့ ကောက်ယူပြီး ကြည့်လိုက်ရာ တိုက်တိုက်ဆိုင်ဆိုင် ထိုစာအုပ်၂အုပ်မှာ ကိုစည်သူအတွက် စာအုပ်စင် အပေါ်ဆုံးအဆင့် ဘယ်သူမှ မမြင်သောနေရာတွင် သူမ သိမ်းထားခဲ့သော ကြယ်စင်တံတားနှင့် နွေညများ စာအုပ် ၂အုပ် ဖြစ်နေလေသည်။


ကြက်သီးမွှေးညှင်းများ ထောင်ထလာမိအောင် သူမ ရင်ထဲစိမ့်ခနဲ ဖြစ်သွားရကာ ထိုထူးဆန်းသော တိုက်ဆိုင်မှုအတွက် ကြောက်ရွံ့စိတ်များ ၀င်လာမိသည်။ လက်ထဲမှ စာအုပ်ကို ကြောင်ငေးကာ စိုက်ကြည့်နေမိစဉ်မှာဘဲ အစောက ရနေသော ခပ်ဖျော့ဖျော့ ရနံ့တစ်ခုက ပိုပို မွှေးပျံ့လာသည်ကို သူမ ခံစားမိလေသည်။ သူမ နားလည်လိုက်ပါသည်။ မနေ့ညက ကားတိုက်ခံသရဖြင့် ပွဲချင်းပြီး သေဆုံးသွားသော ဆိုင်ကယ်နှင့်လူ ဆိုသူမှာ ကိုစည်သူ သေချာပေါက် ဖြစ်ပါလိမ့်မည်။ ပြီးတော့ သူဆိုင်ကို နောက်ဆုံးရောက်လာသည့် ဟိုတစ်နေ့ညက ပြောခဲ့သော “ဒီညတွင် စာအုပ်လာယူမည်” ဆိုသည့် စကားအတိုင်း ရောက်အောင် လာခဲ့ပုံရသည်။ ပြီးတော့လည်း သူရောက်လာကြောင်း သူမ သိအောင် တစ်နည်းတစ်ဖုံ ပြလိုက်ခြင်းသာ ဖြစ်ရမည်ဟု ယုံကြည်လိုက်မိပါသည်။


“သနားဖို့ ကောင်းလိုက်တာ ကိုစည်သူရယ်.. ကိုစည်သူ တကယ်ဘဲ မရှိတော့ဘူးပေါ့နော်..” အသံမထွက်ဘဲ ရေရွတ်မိရင်း သူမရင်ထဲ ကြေကွဲ ဆို့နင့်လို့လာသည်။ ပြီးတော့ မျက်ဝန်းတွင်လည်း မျက်ရည်စများက အိုင်ဖွဲ့လာရတော့သည်။ ဆိုင်ထဲတွင် ပျံ့လွှင့်နေသော မွှေးရနံ့ ခပ်ဖျော့ဖျော့ကို သူမ ရင်ထဲထိရောက်အောင် ရှူရှိုက်လိုက်မိရင်းက “ အမျှ အမျှ ကိုစည်သူရေ…. ကောင်းရာမွန်ရာ ရောက်ပါစေနော်၊ သွားလိုရာကို စိတ်ဖြောင့်ဖြောင့်နဲ့ သွားနိုင်ပါစေရှင်။ ”

သူမရဲ့ ခပ်တိုးတိုးနှင့် ရှိုက်သံစွက်သော အမျှဝေသံ အဆုံးတွင် ဆိုင်တွင်း၌ ရနေသော မွှေးရနံ့မှာ အံ့သြစဖွယ် တဖြေးဖြေးနှင့် ပျောက်ကွယ်လို့ သွားတော့သည်။ နောက်ဆုံးတွင် သူမနှာခေါင်းက မည်သည့်အနံ့ကိုမျှ မရတော့ဘဲ ဆိုင်တစ်ခုလုံးလည်း ပုံမှန်အတိုင်း တိတ်ဆိတ်ငြိမ်သက်လို့ ကျန်ရစ်ခဲ့တော့သည်။ ကိုစည်သူသည် စာအုပ်တွေကို စွဲလန်းစိတ်ဖြင့် ရောက်လာခဲ့သည်လား၊ သို့တည်းမဟုတ် သူမ အပေါ်ထားသော သံယောဇဉ်ကြောင့် ရောက်လာခဲ့သည်လား ဆိုသည်ကိုတော့ သူမကိုယ်တိုင် မသိနိုင်သလို ဘယ်သူကမှလည်း အဖြေပေးနိုင်မည် မထင်ပါ။ သူမကတော့ ထိုအဖြစ်အပျက်ကို ဘယ်သူ့ကိုမှ ပြန်ပြောဖို့ စိတ်ကူးမရှိသလို ပြောလျှင်လည်း ယုံကြလိမ့်မည် မထင်ပါ။ သို့သော် ထိုညက ကိုစည်သူ ရောက်လာခဲ့ကြောင်းကိုတော့ သူမက ရင်ထဲက လှိုက်လှဲစွာ ယုံကြည်မိပါသည်။



လင်းမြကြည်ဖြူ

၁၅.၁၀.၂၀၁၀

ညလယ်ယံမှ အသက်ရှုသံ



နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သူမနားထဲသို့ တိုးညင်းသော အသက်ရှုသံ ဖွဖွလေးက အိပ်မက်ထဲမှာလိုလို ကြားနေရသည်။ သူမ အိပ်မက်မက်နေသည်လား။ ထိုအသက်ရှုသံကို အိပ်မက်ထဲမှာ ကြားနေရတာလား၊ အပြင်မှာ တကယ် ကြားနေတာလား ဝေခွဲမရ ဖြစ်နေမိသည်။ မိမိကိုယ်ကိုလဲ အိပ်ပျော်နေသည်လား နိုးနေသည်လား မသေချာ ။ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတာဖြစ်မည်။ သူမလက်က ဘေးနားက ဖက်လုံးကို တငးတင်း ဆုပ်ကိုင်လိုက်ကာ မိမိကိုယ်ကိုယ် အိပ်ရာက နိုးလာအောင် ပြန်နိုးယူလိုက်ရသည်။ အိပ်မက်၏ အပြင်ဘက် လက်ရှိ သူမအခန်းလေးထဲသို့ စိတ်၊ခန္ဓာတစ်ခုလုံး ပြန်ရောက်ချိန်မှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ တစ်ခန်းလုံး မဲမှောင် တိတ်ဆိတ်လို့နေသည်။ မအိပ်ခင်က သူမ အခန်းမီးကို ပိတ်ထားခဲ့သည်ဘဲ။ သို့သော် အိပ်မက်ထဲမှာ ကြားရသည်ဟု ထင်နေခဲ့သော အသက်ရှုသံ တိုးဖွဖွက အပြင်မှာ တကယ်ကိုကြားနေတာ ဖြစ်ကြောင်း သူမ သိသွားသောအခါ ကြက်သီးမွေးညှင်းများ ထောင်ထသွားအောင် လူတစ်ကိုယ်လုံး ဖျင်းကနဲ ဖြစ်သွားတော့သည်။ ဟုတ်ပါ့မလား ဆိုသောစိတ်ဖြင့် သေချာ နားစိုက်ထောင်လေ ထိုအသက်ရှုသံတိုးတိုးလေးက ပိုသိသာလေ။ သူမနားထဲ သဲသဲကွဲကွဲ ပိုကြားရလေ ဖြစ်လာသည်။


“ဘုရားရေ” ဒါဟာ တကယ်ပါဘဲ… အိပ်မက်ထဲမှာ ကြားနေရတာ မဟုတ်ဘဲ၊ အပြင်မှာ တကယ်ကို ကြားနေရတာပါလား .. သူမ အခန်းထဲမှာ ဘယ်လိုအရာဆီက အသက်ရှုသံ ထွက်ပေါ်နေတာပါလိမ့်။အမြဲတမ်း တံခါးတွေကို သေသေချာချာ အလုံပိတ်ပြီးမှ တစ်ယောက်တည်း အိပ်တတ်သော သူမ အခန်းထဲသို့ သက်ရှိတစ်ကောင်တစ်လေမှ ၀င်ရောက်နိုင်ဖွယ် မရှိပါ။ သို့သော် သေချာတာက အသက်ရှုသံ တိုးတိုးလေးက တကယ်ကို ကြားနေရတာဘဲ ဖြစ်သည်။ ကြားနေရသော အသက်ရှုသံက ခြေရင်းလောက်ဆီမှ ထွက်ပေါ်နေတာ ဖြစ်ပြီး အမှောင်ထဲမှာ သူမ ခေါင်းလေးကို မသိမသာထောင်၍ အားစိုက်ကြည့်မိသော်လည်း ဘာကိုမှ မမြင်နိုင်လောက်အောင် မဲမှောင်လို့နေသည်။ သူမ ခြေဖျား၊ လက်ဖျားများလည်း အေးစက်လို့လာသည်။ အိမ်ကလူတွေ ကြားအောင် အော်ဟစ်လိုက်ရမည်လား စဉ်းစားမိသေးသည်။ သို့သော် ထိုသို့ အော်လိုက်တုန်း ယခုအသက်ရှုသံ ထွက်ပေါ်လာနေသော အရာဆီမှ သူမကို တစ်ခုခု လုပ်လိုက်လေမည်လား ဆိုတာကို စဉ်းစားမိပြန်တော့ အသံပင် မထွက်ရဲချေ။ ပြီးတော့ သူမ အော်လိုက်ရင်လည်း အိမ်ကလူတွေ ရုတ်တရက် ချက်ခြင်းနိုးဖို့က မသေချာပြန်။ ဒီချိန်ဆို အားလုံး အိပ်မောကျနေလောက်ပေပြီ။

သူမအခန်းထဲ လူတစ်ယောက်ယောက်များ ၀င်နေတာလား။ တွေးမိပြန်တော့ တုန်လှုပ်စိတ်ဖြင့် ချွေးစေးများပင် ပြန်စပြုလာသည်။ အခန်းထဲမှ ထိုသူသည် သူမ အသက်အန္တရာယ်ကို ရန်ရှာဖို့လား။ ပစ္စည်းလိုချင်တဲ့သူလား။ ကယ်တော်မူပါ။ သူမ ဘာလုပ်ရမှာပါလိမ့်။ ဒီပုံအတိုင်း မိုးလင်းအောင် ထိုင်စောင့်နေရမည်လား။ အိုး.. ဒီအသက်ရှုသံ ထွက်ပေါ်နေသော တစ်စုံတစ်ယောက်ရှိနေတာ သေချာသည့် ဒီအခန်းထဲ ဘယ်လိုနည်းနဲ့ မနက်မိုးလင်းချိန်ထိ သူမ စောင့်နေနိုင်ပါ့မလဲ။ အခန်းမီးကို ဖွင့်လိုက်ချင်သော်လည်း မီးခလုပ်က ကုတင်နှင့် ခပ်လှမ်းလှမ်းမှာမို့ ထိုနေရာထိ ရောက်အောင် သွားဖို့က ကုတင်ပေါ်မှ ဆင်းရမည်။ ထိုသို့ ကုတင်ပေါ်မှ ဆင်းလိုက်လို့ သူမဆီက လှုပ်လှုပ်ရှားရှား အသံကြားလျှင် ထိုအသက်ရှုသံ ထွက်နေသော အရာက သူမကို တစ်ခုခု မလုပ်ဘူးလို့ ဘယ်သူက ပြောနိုင်ပါ့မလဲ။ သူမ ကုတင်နားတစ်ဝိုက်တွင် မီးခြစ်လို၊ အင်မာဂျင်စီလိုက်လို အရာမျိုးလည်း တစ်ခုမှ ယူမထားမိ။ သူမဆီက တစ်စုံတစ်ရာ အသံထွက်သွားမည်စိုး၍ အိပ်ပျော်ရာမှ နိုးထလာသော ပက်လက် အနေအထားအတိုင်း တစ်လက်မမျှပင် မလှုပ်ရှားရဲဘဲ ငြိမ်နေရသဖြင့် တစ်ကိုယ်လုံးပင် တောင့်တင်းလာသည်။

ထူးဆန်းတာက အသက်ရှုသံ ထွက်ပေါ်နေသော အရာမှာ လှုပ်ရှားမှုတစ်စက်မျှ ရှိဟန်မတူ။ အသက်ရှုသံ မှန်မှန်သာ ထွက်ပေါ်နေသော်လည်း အခြားဘာသံမှ မကြားရသည့်ပြင် ၄င်းအသံမှာ သူမကုတင်ခြေရင်း တစ်နေရာတည်းမှ ငြိမ်သက်စွာ ထွက်ပေါ်နေခြင်းဖြစ်သည်။ ကြည့်ရသည်မှာ သူမ နိုးနေမှန်းသိသောကြောင့် ငြိမ်သက်စွာ ပုန်းနေခြင်းလား.။ သို့တည်းမဟုတ် သူမ လှုပ်ရှားမှုကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခြင်းလား မသိနိုင်ပြန်။ ကြောက်ရွံ့မှုက လူတစ်ကိုယ်လုံးကို အေးခဲစေမတတ် ဖြစ်စေကာ အာခေါင်များပင် ခြောက်သွေ့အက်ကွဲလာသည်ဟု သူမ ထင်သည်။ အိုး ဘာဘဲဖြစ်ဖြစ် ဒီအတိုင်း ငြိမ်နေမည်ဆိုလျှင် ကြောက်တာနှင့် အသက်ပါသွားလိမ့်မည် ထင်သည်။ တစ်ခုခုလုပ်မှ ဖြစ်တော့မည်။ ဘာလုပ်ရမည်လဲ။ မီးခလုတ် ပြေးဖွင့်ရမည်လား၊ အော်ဟစ်လိုက်ရမည်လား။ စဉ်းစားရင်းမှ သူမ ဘာလုပ်ရမည် ဆိုတာကို သိသွားတော့သည်။

သူမ ခန္ဓာကိုယ်ကို အသံမမြည်အောင် ဖြေးဖြေးလေး ကြွလိုက်ပြီး ခြေထောက်၂ဖက်ကို ကုတင်အောက်သို့ အသာအယာ ချလိုက်သည်။ ခြေထောက် ၂ဖက်လုံး ကုတင်အောက် ရောက်ပြီး၊ တစ်ကိုယ်လုံး ခြေထောက်ပေါ် အားပြုလို့ရတာနှင့် အခန်းတံခါးရှိရာကို တန်းပြီးပြေးတော့သည်။ မမြင်ရအောင် မဲမှောင်နေသော်လည်း သူမ အမြဲ နေလာသော အိပ်ခန်း၏ နေရာ အနေအထား အားလုံး သူမ အလွတ်ရနေပြီးသား ဖြစ်သည်။ အခန်းတံခါးပေါက် ရောက်တာနှင့် လက်ကိုင်ကို ဆွဲဖွင့်ကာ တံခါးကို ပြန်ဆောင့်ပိတ်ခဲ့ပြီး သူမ မောင်လေး၂ယောက် အိပ်သောအခန်းသို့ ပြေးကာ တံခါးကို သွားထုသည်။ သူမ မိဘများ အခန်းတံခါးကိုလည်း ထုသည်။ အပြင်မှ အသံအကျယ်ကြီးဖြင့်လည်း အော်နိုးသည်။ သူမ တံခါးထုသံ၊ အော်သံများကြောင့် တစ်အိမ်လုံး အထိတ်တလန့် နိုးလာကြရလေသည်။ အိမ်ရှိ ထမင်းချက် ဒေါ်ကြီးအေးနှင့် အိမ်အကူ မိလုံးတို့ပါမကျန် အားလုံး အိပ်မှုန်စုန်မွားဖြင့် နိုးထလာကြကာ သူမကို ဘာဖြစ်တာလဲ ဟု ၀ိုင်းမေးကြလေသည်။ အဖြစ်အပျက်ကို မောကြီးပန်းကြီး သူမ ရှင်းပြသောအခါ အားလုံးက ထိတ်လန့် အံ့အားသင့်စွာ စဉ်းစားကြလေသည်။ အပြင်လူ မ၀င်နိုင်အောင် လုံခြုံလှသော သူတို့အိမ်ထဲသို့ ဘယ်လိုသူစိမ်း၊ သို့မဟုတ် သူခိုးက ၀င်ရောက် နေနိုင်ပါနည်း။

မောင်နှစ်ယောက်က ဧည့်ခန်းနံရံမှာ အလှချိတ်ထားသော ငွေဓါးနှစ်လက်ကို သွားဆွဲယူလာသလို ဖေဖေကတော့ အင်မာဂျင်စီလိုက်နှင့်အတူ သူ့လက်ကိုင်ဖုန်းကို ယူလာသည်။ တစ်ခုခုဆို ချက်ခြင်း ဖုန်းကောက်ဆက်ဖို့ ဖြစ်နိုင်သည်။ ဒေါ်ကြီးအေးက အ၀တ်လျှော်တုတ်ကို သွားယူလာကာ မိလုံးကတော့ ကြက်သွန်လှီးသည့် ဓါးအသေးလေးကို ယောင်ယောင်ကန်းကန်း ဆွဲယူလာခဲ့သည်။ လူအစုကြီးဖြင့် သူမ အခန်းရှိရာကို ချီတက်ကြပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်ကာ မီးခလုပ်ကို မောင်လေးအငယ်မှ သွားဖွင့်လိုက်ကာ သူမအခန်းထဲကို လှည့်ပတ် ရှာဖွေကြတော့သည်။ ကုတင်ခြေရင်းဘက် ရောက်သွားတော့ မောင်လေး ဆီမှ “ဒီမှာ ဒီမှာ လာကြည့်စမ်းပါဦး” ဟု အသံထွက်လာသောအခါ ထိုနေရာသို့ အားလုံး အပြေးအလွှားရောက်သွားပြီး ကြည့်လိုက်သောအခါတွင်တော့ သူမ ကုတင်ပေါ်မှ ပြုတ်ကျနေသော စောင်ပေါ်တွင် အကျ တက်အိပ်ကာ အသက်မှန်မှန်ရှုရင်း အိပ်ပျော်နေသော “ကြောင်တစ်ကောင်”။

“ ဟင်. ဒါ ဟိုဘက်အိမ်က ကြောင်မ ရွှေဝါလေးဘဲ ” ဒေါ်ကြီးအေးထံမှ အသံထွက်လာသည်။ “ဟိုဘက်အိမ်က ကြောင်က ဘယ်လိုလုပ် သမီးအခန်းထဲ ရောက်နေတာလဲ” သူမက မကျေမနပ် မေးတော့ “ညနေက ထမင်းစားခန်းရှေ့ကနေ သူ ဖြတ်သွားတာတော့ တွေ့လိုက်တယ် .. ဒေါ်ကြီးလဲ သူ့အိမ်သူ ပြန်သွားပြီ ထင်နေတာ လက်စသပ်တော့ သမီးအခန်းထဲ ရောက်နေတာကိုး.. ” ထိုအခါမှ အားလုံးလည်း သက်ပြင်းချနိုင်ပြီး ရယ်ရယ်မောမောဖြစ်ကာ သူမကို စနောက်ကြတော့သည်။ သူမကြောင့် တစ်အိမ်လုံးလည်း အိပ်ပျက်သွားရပြီ မဟုတ်ပါလား။ အစောတုန်းကတော့ ကြောက်လွန်း၍ အသက်ပင် မရှုမိအောင် ဖြစ်ခဲ့ရသော သူမမှာ ခုတော့ ဘယ်သူ့ဒေါသထွက်ရမှန်းမသိ ဖြစ်လာကာ နောက်ဆုံး အိပ်ပျော်နေသော ကြောင်ကို ဂုတ်ကနေ ကိုင်ဆွဲကာ မိလုံးလက်ထဲ ထိုးထည့်လိုက်ပြီး ဟက်ဟက်ပက်ပက် ရယ်မောမိတော့သည်။


 လင်းမြကြည်ဖြူ


စိတ်အဆာပြေ




လွင့်ပျံနေသော စိတ်အာရုံများကို စုစည်း၍မရခင်မှာဘဲ ခပ်ဝေးဝေးက သြဥဆွဲသံလေးတစ်ခု နားထဲဝင်ရောက်လာခဲ့သည်။ သေချာပြီ.. ရထားတစ်စင်းစင်းတော့ လာနေပြီ။ ဘူတာက ထွက်လာသည့်ရာထားလား၊ ဘူတာတွင်းသို့ ၀င်ရောက်မည့်ရထားလား ဆိုတာ သေချာအောင် အသံကို နားစိုက်ထောင်လိုက်တော့ ဘူတာတွင်းသို့ ၀င်မည့် ရထားတစ်စီးရဲ့အသံ။ အသံက ဘူတာနှင့် ဆန့်ကျင်ရာဘက်အခြမ်းမှ ထွက်လာသည်မဟုတ်လား။ အကျွမ်းတ၀င်ရှိနေသော ရထားဥသြသံများကို နားထောင်ရခြင်း၊ ဘူတာတွင်းသို့ ၀င်ရောက်လာသော (သို့မဟုတ်) ဘူတာတွင်းမှ ထွက်ခွာသွားသော ရထားများကို စောင့်ကြည့်ရခြင်းသည်လည်း သူမအတွက်တော့ အိမ်ကို အလွမ်းပြေစေသလို ရထားပေါ်ပါသွားသော လူအချို့၏ အော်ဟစ် နှုတ်ဆက်သံများသည်လည်း သူမ၏ အထီးကျန်မှုများကို ဖြေသိမ့်ပေးနိုင်သော အရာများ ဖြစ်ခဲ့ကြသည်။

ပညာရေးအတွက် သူမ ကျောင်းတက်ဖို့ ရောက်ရှိနေသာ မြို့သည် မီးရထားလမ်းဆုံးမြို့တစ်ခုဖြစ်ပြီး သစ်ပင်ကြီးငယ်များ ၊ သစ်သီးဝလံပန်းမာန်များ ပေါများလှသော်လည်း သူမအတွက်တော့ သူစိမ်းဆန်လွန်းသော အေးတိအေးစက် မြို့တစ်မြို့သာ ဖြစ်လေသည်။ ဟုတ်သည်လေ  ချစ်ခင်ဖွယ်ရာ မိသားစုမရှိသောအရပ်၊ ဖေးမကူညီမည့်သူ ၊ နွေးထွေးယုယမည့်သူ မရှိသောအရပ်သည် ဘယ်မှာလာ ပျော်ရွှင်နှစ်သက်ဖွယ် အရပ်တစ်ခု ဖြစ်နိုင်ပါမည်လဲလေ။ မကျယ်ဝန်း၊ မစည်ကားသော်လည်း ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူမကို နွေးထွေးစေနိုင်သော မိသားစုရှိရာ မွေးရပ်မြေကတော့ မိုင်ပေါင်းများစွာ အဝေးမှာ။ ပညာတွေတတ်ဖို့ သူမချစ်သော မွေးရပ်မြေ၊ သူမရဲ့ မေတ္တာရိပ်မြုံကနေ ခွဲခွာခဲ့ရသည်။ ပညာတတ်ပြီးလျှင် ဘာဆက်လုပ်ရမည်လဲ… သေချာတာကတော့ စာဝတ်နေရေးအတွက် ပညာဖြင့် ရင်းနှီးကာ ပိုက်ဆံရှာရဦးမည်။ ထိုပိုက်ဆံများဖြင့် ချစ်ခြင်းမေတ္တာကို ၀ယ်ယူလို့ရပါရဲ့လား။ ပညာတွေ အများကြီး တတ်ထားခဲ့ရင်ရော ချစ်ခြင်းမေတ္တာဆိုသည့်အရာကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပြီလား။

ဘ၀ကို ငွေကြေးမြောက်မြားစွာ၊ ပညာများစွာတို့က လုံခြုံအောင် ကာရံပေးနိုင်သလား.. ပြီးပြည့်စုံအောင် စိတ်ချမ်းသာ ပျော်ရွှင်ဖွယ်ရာ ဘ၀တစ်ခုကို ဖန်တီးပေးနိုင်ပါမည်လား။ ဒါတော့ သူမ မသေချာ..  သေချာတာကတော့ ချစ်ခြင်းမေတ္တာဆိုသည့်အရာသာ မရှိခဲ့ရင် ဘယ်လောက်ပင် ပြည့်စုံကြွယ်ဝသည့် ဘ၀ကို ပိုင်ဆိုင်သူဖြစ်ပါစေ စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရနိုင်မည် မထင်ပါ။ ယခုပင် သူမကိုယ်တိုင် သူမတို့ မွေးရပ်မြေ ရွာကလေးထက် အစစအရာရာ သာလွန်ပြည့်စုံသောမြို့တွင် ရောက်နေသည့်တိုင်အောင် သူမ စားချင်တာ၊ လိုချင်တာ၊ ၀တ်ချင်တာ၊ လုပ်ချင်တာ မှန်သမျှ အလွယ်တကူ ရနိုင်သည့်တိုင်အောင် သူမကို ချစ်ခင်မြတ်နိုးသော၊ ကြင်နာယုယသော ချစ်သူခင်သူများ မရှိသည့် ဒီမြို့သည် သူစိမ်းသက်သက်သာ ဖြစ်သည်လေ။ ဒီလိုဆိုလျှင်ဖြင့် ဘ၀မှာ ချစ်ခြင်းမေတ္တာထက် အရေးကြီးသောအရာ ဘာများ ရှိပါသေးသလဲ…

ဂျုံးဂျုံးဂျက်ဂျက် အသံဖြင့် နီးကပ်လာသော ရထားသံနှင့် အပြိုင် သူမ ရင်ခုန်သံတို့က မြန်ဆန်လာသည်။  ရထားကို မျက်တောင်မခတ် စောင့်ကြည့်မိရင်း ရထားပေါ်မှ ခပ်ဝါးဝါး မြင်နေရသော မျက်နှာအချို့ကို သေချာ စူးစိုက်ကြည့်လိုက်မိသည်။ ဒီရထားပေါ်မှာ သူမမွေးရပ်မြေက တစ်ယောက်တစ်လေတော့ဖြင့် ပါကောင်းရဲ့။ ရထားပေါ်မှ အော်သံအချို့နှင့် နှုတ်ဆက်သံ၊ လက်ပြသူများဖြင့် သူမဘေးမှ ထိုရထား ဖြတ်ကျော်သွားတော့ ရထားကိုကြည့်ကာ သူမစိတ်တွေ လွတ်လပ်ပေါ့ပါးလာသည်။  သူမကိုယ်တိုင်လည်း စိတ်ပါလက်ပါ လက်ပြအော်ဟစ်ကာ နှုတ်ဆက်မိလိုက်သည်။ သူမရဲ့ အားလပ်ချိန်တစ်ချို့ကို ဒီမြို့အ၀င် သစ်တောအုပ်က ခုံတန်းလေးပေါ် လာထိုင်ငေးရင်း ဘူတာမှ ထွက်ခွာသွားသော၊ ဘူတာတွင်းသို့ ၀င်လာတတ်သော ရထားများကို တစ်စီးပြီး တစ်စီး စောင့်ကြည့်ရခြင်းသည် ဒီမြို့ပေါ်မှာ အခြားသူများဆီက မရခဲ့သော ဖော်ရွေမှုတစ်ချို့ကို စိတ်အဆာပြေ လာရောက် စားသုံး နေတတ်ခြင်းသာ ဖြစ်လေသည်။

ရထားတစ်စီး ဖြတ်သွားတိုင်း ရထားပေါ်မှ လူတစ်ချို့၏ လက်ပြဝှေ့ရမ်းမှုများ၊ အော်ဟစ်နှုတ်ဆက်သံများသည် သူမအတွက်တော့ သူစိမ်းများ၏ နှုတ်ဆက်သံဟု မခံစားရဘဲ သူမ ခင်မင်ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေများ၏ လက်ပြနှုတ်ဆက်ခြင်း၊ အော်ခေါ် နှုတ်ဆက်ခြင်း ဟူ၍သာ စိတ်ထဲ ထင်မှတ်ခံစားမိလေသည်။  သူမကိုယ်တိုင်ကလည်း တစ်ခါတစ်ရံ စိတ်လွတ်လက်လွတ် အော်ဟစ်ရယ်မောကာ ပြန်လည် နှုတ်ဆက်တတ်ခဲ့သည်။ ဘယ်လောက်တောင် လွတ်လပ်ပွင့်လင်းပြီး ဟန်ဆောင်မှုမပါလိုက်တဲ့ နှုတ်ဆက်ခြင်းမျိုးပါလဲ၊ အမြဲတမ်း ခပ်တည်တည် နေခဲ့ရသော သူမ မျက်နှာလေးက ထိုအခါမျိုးမှာ နုပျို လတ်ဆတ်မှုများဖြင့် ရွှန်းလဲ့လို့ နေတတ်သည်။ သူမချစ်ခင်ရသော မိသားစုဝင်တွေ ၊ မိတ်ဆွေတွေကို နှုတ်ဆက်ရသလို ကျေနပ်မှုမျိုးဖြင့် စိတ်လက်ပေါ့ပါးလွန်းလှသည်။ သူမကတော့ အချိန်ရတိုင်း သူမရဲ့ မွေးရပ်မြေကို အလွမ်းပြေဖို့ ရထား အ၀င်အထွက်တွေကို စောင့်ကြည့်ကာ နှုတ်ဆက်နေဦးမည်သာ ဖြစ်လေသည်။


တကယ်လို့များ ရထားလမ်းဆုံး မြို့လေးတစ်မြို့ကို ရထားစီးပြီး ရောက်ခဲ့လို့ မြို့အ၀င်တောအုပ်ကလေးက ခုံတန်းလျား အပြာရောင်လေးမှာထိုင်ပြီး ရထားအ၀င်အထွက်တွေကို ငေးမောနေတတ်သူ၊ ရယ်မောရွှင်ပြ နှုတ်ဆက်တတ်သူ တစ်ယောက်ကို တွေ့ခဲ့လျှင်ဖြင့် ထိုသူသည် သူမမွေးရပ်မြေအား သတိတရ တမ်းတနေသောစိတ်ကို အဆာပြေစေဖို့ ရထားတွေကို စောင့်ကြည့်နေသော သူမသာဖြစ်ကြောင်း ဗေဒင်မေးစရာ မလိုတော့ပါ။  သူမကတော့ အချိန်ရတိုင်း ရထားတွေကို အမြဲတန်း စောင့်ကြည့် နှုတ်ဆက်နေဦးမည်မှာ သေချာပါသည်။ 


လင်းမြကြည်ဖြူ

12.9.2010  1:42 PM

လင်းမြကြည်ဖြူ

My photo
စာရေးစာဖတ်ဝါသနာပါလို့ ဒီဘလောဂ့်လေးကို လုပ်ဖြစ်ပါတယ်။ ဒီဘလော့ဂ်မှာ ကျွန်မဖတ်ချင်တဲ့ ဘလော့ဂ်တစ်ချို့တွေကို အလွယ်တကူ သွားနိုင်အောင် ခွင့်မတောင်းဘဲ ချိတ်ထားမိပါတယ်။ ခွင့်ပြုပါလို့ တောင်းဆိုပါရစေ။

နှုတ်ဆက်စကားသံများ

စာဖတ်နေကျ နေရာများ

Pages

Powered by Blogger.

ရှာချင်တာ

Loading...

Followers