သူမမှာ ရှိသည့် အကျင့်တစ်ခုက ညနေတိုင်း ဒီမြစ်ဆိပ်က ကျောက်တုံးကြီးတွေပေါ်ထိုင်ရင်း မြစ်တစ်ဖက်ကမ်းက ရှုခင်းတွေကို ငေးမောကြည့်ရှုတတ်သလို မြစ်ပြင်ကိုဖြတ်ပြီး တိုက်ခတ်လာတဲ့ လေညှင်းရဲ့ ပွေ့ဖက်မှုကိုလည်း ခံယူတာကို သူမက နှစ်သက်လှပါသည်။ မြစ်ပြင်မှာ လှိုင်းကြက်ခွပ်ကလေးတွေ ထနေတာ နေရောင်ရဲ့ ရွှေအဆင်းနဲ့ ထိအတွေ့မှာ ရောင်ပြန်လက်ရင်း တစ်ဖျတ်ဖျတ် တောက်ပနေပုံက ညနေခင်းဆည်းဆာအောက်မှာ သိပ်ကိုလှပတဲ့ ပန်းချီကားလေးတစ်ချပ်လိုပါဘဲ။ နှစ်သက်ဖွယ် ကောင်းလွန်းလှပါသည်။ ရှုခင်းတွေကြည့်၍ ၀လျှင်တော့ ပါလာသည့် ဖတ်စရာ စာအုပ်တစ်အုပ်ပို ထုတ်ကာ ဖတ်နေတတ်သည်။ စဉ်စားကြည့်ပါ။ ညနေခင်းမှာ လေပြေတစ်လွှင့်လွှင့် တိုက်ခတ်နေချိန်တွင် စာအုပ်လေး ဖတ်နေရတဲ့ အရသာသည် ဘယ်လောက်များ ဇိမ်ကျဖို့ ကောင်းမည် ဆိုတာ။ ယခုလည်း သူမတွင်ပါလာသော စာအုပ်လေးကို ဖတ်နေရာမှ မျက်စိညောင်းလာသဖြင့်မြစ်ပြင် ရှုခင်းတွေဘက် ပြန်ပြီး အကြည့်ရောက်သွားမိသည်။
သည်စဉ်မှာဘဲ သူမ မြင်ကွင်းထဲ ၀င်လာတာက မြစ်တစ်ဘက်ကမ်းကနေ အသက် ၁၂နှစ်အရွယ် ကလေးမလေးတစ်ယောက် မြစ်ရေပြင်ကို ဖြတ်ကူးလာတာဘဲ ဖြစ်သည်။ သည်မြစ်ရေက အချို့နေရာများတွင် လူကူး၍ ရနိုင်လောက်အောင် ယောက်ျား ပေါင်ရင်းနားလောက်ထိ တိမ်သော နေရာ ရှိသည်။ သို့သော် လမ်းကြောင်းတော့ ကျွမ်းကျင်ရမည်။ မဟုတ်လျှင် လူတစ်ရပ်မြုပ်သည့်နေရာသို့ ရောက်သွားတာမျိုး ဖြစ်နိုင်သေးသည်။ ယခု မြစ်ကို ဖြတ်ကူးလာသော ကလေးမလေး ကြည့်ရသည်မှာ သည်မြစ်ကို ကူးနေကျလား မသိ။ သူ့မှာ ဘာအပူအပင်မှ မရှိသလို အေးအေးဆေးဆေး အနေအထားမျိုးနှင့် တစ်ဖြေးဖြေး ကူးလာခြင်းဖြစ်သည်။ သူမစိတ်ထဲတွင်တော့ လူကြီးတစ်ယောက်ယောက် မပါဘဲ ကလေးချည်းဘဲ မဖြတ်စေချင်ပါ။ ထို့ကြောင့် အော်ဟစ်တားမြစ်လိုက်ဖို့ စိတ်ကူးရလိုက်မိသော်လည်း ကူးနေကျ ဖြစ်မှာပါလေ ဟု စိတ်ကို ပြန်လျှော့ချလိုက်ကာ သူမတွင် ပါလာသော စာအုပ်ကလေးကို ပြန်ဖတ်နေလိုက်တော့သည်။
သို့သော် သူမစိတ်က မဖြောင့်.. စာထဲ စိတ်မရောက်နိုင်ဘဲ မြစ်ကို ဖြတ်ကူးနေသော ကလေးမလေး အတွက် စိတ်က ပူနေမိသဖြင့် မကြာမကြာ လှမ်းကြည့်နေမိသည်။ တတိယအကြိမ်မြောက် သူမ ကြည့်မိလိုက်စဉ်တွင် ကလေးမလေးမှာ ရေနစ်နေသည်ကို သူမ လှမ်းတွေ့လိုက်ရသည်။ ခေါင်းပင် မပေါ်တော့ဘဲ လက်နှစ်ဖက်သာ ဖော်နိုင်ပြီး မြုပ်ချည်ပေါ်ချည် ဖြစ်နေလေပြီ။ သူမ လက်ထဲက စာအုပ်ကို ပစ်ချလိုက်ပြီး ဘေးဝန်းကျင်ကို အကူအညီ တောင်းနိုင်ဖို့ လှမ်းကြည့်မိသော်လည်း လူရိပ်လူခြေ မမြင်ရဘဲ တိတ်ဆိတ်နေသော ၀န်းကျင်သာ သူမအနီးတစ်ဝိုက် ရှိနေလေသည်။ ရေကူးတတ်သော သူမက ထိုကလေးမလေးဆီ ကူးခတ်သွားဖို့ လွယ်အိတ်နှင့် ဖိနပ်ကို ချွတ်ပစ်လိုက်စဉ် လှေကလေးတစ်စင်းက ရေနစ်နေသော ကလေးမလေးဆီ တစ်ရွေ့ရွေ့ လှော်ခတ်သွားနေသည်ကို တွေ့လိုက်ရသဖြင့် အသာ ကိုယ်ရှိန်သတ်ကာ ကမ်းပေါ်ကနေသာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေလိုက်မိသည်။ လှေသမားသည် ရေနစ်နေသူ ကောင်မလေးနှင့် မလှမ်းမကမ်း ရောက်ချိန်တွင် လှေလှော်ခြင်းကို ရပ်လိုက်ကာ လှော်တက်ကို လှမ်းပေးလိုက်လေသည်။
ရေနစ်နေသော ကလေးမလေးမှာ ခေါင်းပင်မပေါ်သဖြင့် သူ့လှော်တက်ကို မြင်ဟန်မတူသလို လှော်တက်ကိုလည်း လှမ်းကိုင်နိုင်သည့် အသိစိတ်လည်း ရှိဟန်မတူ။ သို့သော်လည်း လှေပေါ်က လှေသမားကတော့ ရေထဲဆင်းဖို့ စိတ်မကူးဘဲ လှော်တက်ကိုသာ တွင်တွင် ပေးနေလေသည်။ ကြည့်နေရင်း ဒေါသတွေ တနုံ့နုံ့ထွက်လာရသော သူမသည် “ရေထဲဆင်းဆယ်လိုက်ပါလား” ဟု အော်လိုက်သော်လည်း လှေသမားက မကြားသည်လား၊ မကြားဟန်ပြုနေသည်လားတော့ မပြောတတ် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ကလေးမလေးအား သူ့လှော်တက်ကိုသာ အတွင်သား ကမ်းပေးနေလေတော့သည်။
ကြည့်နေရင်း အခြေအနေ မဟန်တော့တာကို ရိပ်မိလိုက်သော သူမက ရေထဲကို ခုန်ဆင်းလိုက်ပြီး ရေနစ်နေသော ကလေးမလေး ရှိရာကို အားသွန် ကူးခတ်မိတော့သည်။ သူမ ကလေးမလေးဆီရောက်ဖို့ အနည်းငယ်အကွာအဝေးသာ လိုတော့ချိန်တွင် လှေသမားသည် လှေပေါ်မှနေ၍ လှော်တက်ကြီး ကိုင်ရက်သား ကြောင်ပြီး ရပ်ကြည့်နေသလို ကလေးမလေးမှာတော့ရေပြင်ပေါ် ပေါ်မလာတော့ပါ။ သူမ သွေးရူးသွေးတန်းဖြင့် ပိုပြီးအားစိုက်ကာ ကူးခတ်ရင်း “ မနှစ်သွားပါနဲ့ဦး ကလေးရယ်… ငါမင်းဆီကို ရောက်အောင်လာနေတယ်.. ငါ့ကို ခဏလောက်တော့ စောင့်ပါဦး။ ငါ မင်းကိုကယ်မှာပါ ” ဟု တတွတ်တွတ် ရေရွတ်နေမိသလို လက်တွေ ခြေထောက်တွေကလည်း သူမဘ၀တွင် အမြန်ဆုံးသော နှုန်းထားနှင့် ကူးခတ် လှုပ်ရှားနေမိတော့သည်။
ကလေးမလေး ရေနစ်နေရာအရောက်တွင် လုံးဝ ပေါ်မလာတော့သော ကလေးမလေးအား တွေ့လိုတွေ့ငြား အပြန်ပြန် အလှန်လှန် ရေငုတ်ကာ ရှာဖွေနေမိသလို၊ ခပ်လှမ်းကိုများ မျောပါသွားလေမည်လား ဟူ၍လည်း တွေးတောရင်း ထိုနေရာတစ်ဝိုက်တွင် ထက်အောက် စုံခြည်ဆန်ခြည် ရေငုပ်ရင်း ထပ်ခါထပ်ခါ ရှာဖွေနေမိတော့သည်။ ကလေးမလေး ရေနစ်သော နေရာသည် သူမအရပ်နှင့်ဆိုလျှင် ရင်ဘတ်လောက် ရှိသော နေရာဖြစ်လေသည်။ ခပ်နောက်နောက် မြစ်ရေကလည်း ကလေးမလေးကို အလွယ်တကူ မတွေ့နိုင်အောင် ဖုံးကွယ်ပေးထားသလို ဖြစ်နေရလေသည်။ ကြည့်ရသည်မှာ ကလေးမလေးသည် ရေကူးရင်း လမ်းကြောင်းလွဲမိတာ ဖြစ်နိုင်လေသည်။ အချိန်အတော်လေးကြာတော့ ရေငုပ်ရလွန်း၍ သူမ မျက်စိတွေ နီရဲကျိန်းစပ်လာသလို၊ နားတွေလဲ အူကာ နာကျင်ရတော့ချိန်တွင်မှ သူမ ရေငုပ်တာ ရပ်လိုက်တော့ လှေပေါ်တွင် ခုချိန်ထိ အရုပ်တစ်ခုလို ရှိနေသေးသော လှေသမားကို မြင်လိုက်မိချိန်တွင် သူမဒေါသတွေ ပေါက်ကွဲသွားတော့သည်။
“ မင်းအသုံးမကျလို့ ဒီကလေးသေရတာ မင်းရဲ့အဝတ်တွေက ဒီကလေးအသက်ထက် ပိုပြီး တန်ဖိုးကြီးနေလို့လား အသုံးမကျတဲ့ကောင် သေသင့်တာက မင်း ”ဟု သူမက လှေသမားကို ပက်ပက်စက်စက် ဒေါသတကြီး ပြောလိုက်မိပါတော့သည်။ သို့သော် လှေသမားကတော့ သူ ရေမကူးတတ်တဲ့အတွက် ရေထဲဆင်း မဆယ်ရဲတာဖြစ်ကြောင်း သူမကို လေသံ ပျော့ပျော့နဲ့ ပြန်ပြီး ပြောလာပါသည်။ ဒေါသထွက်လွန်းနေသော သူမက “ရေမကူးတတ်ရင်လည်း လှေပေါ်ကနေ ကလေးမလေးရဲ့ လက်ကို လှမ်းကိုင်ပြီး ဆွဲတင်လိုက်ရင် ရတာပဲ ဒါမှ မရရင် ရေထဲဆင်းပြီး လက်တစ်ဘက်က လှေ ကို ကိုင် ကျန်လက်တစ်ဘက်က ကလေးမလေးကို အသာလေးတွဲထားပြီး လှေပေါ်ကို ဖြေးဖြေးချင်း တွန်းတင်ပေးလိုက်ရင် ဖြစ်တာဘဲ မဟုတ်လား ရေက ကလေးအတွက် နက်ပေမဲ့ လူကြီးအတွက်တော့ လည်ပင်းအထိဘဲရှိတာ နစ်ပြီး မသေနိုင်ပါဘူး မင်း သတ္တိ မရှိရင် ဘာဖြစ်လို့ လာခဲ့သေးလဲ မင်းလှေကို တွေ့လိုက်လို့ ငါလည်း ရေထဲဆင်းဖို့ နောင့်နှေးသွားခဲ့ရတာ ဒါမဖြစ်သင့်ဘဲ ဖြစ်သွားရတာ မသေသင့်ဘဲ သေသွားရတာ” ဆိုကာ မနားတမ်း အရူးတစ်ယောက်လို သူမ ပြောနေမိပါတော့သည်။
မကြာခင်တွင်တော့ ရေနစ်နေသည့် သတင်းကြားပြီး ဆိပ်ကမ်းအနီးတစ်ဝိုက်မှ လူများ ရောက်ရှိလာကာ ယောက်ျားကြီး တစ်ချို့ ရေထဲ ဆင်း၍ ကလေးမလေးအား ဝိုင်းပြီး ရှာဖွေကြလေတော့သည်။ ထိုအချိန်တွင် လှေသမားမှာ လူတွေ အများကြီးရောက်သဖြင့် သူမ ကဘဲ သူ့အကြောင်းကို လူတွေသိအောင် ပြောမှာ စိုး၍လား၊ သူ့ကိုယ်သူ လိပ်ပြာမလုံတော့လို့လားတော့မသိပါ။ လှေကလေးကို လှော်ခတ်ကာ ထွက်ခွာသွားပြီ ဖြစ်လေသည်။ နောက်တစ်ကြိမ်လည်း ထိုလှေသမား လုံးဝ ပြန်ပေါ်မလာတော့ပါ။
နောက်ထပ် နာရီဝက် လောက်ကြာတော့မှ ကလေးမလေး ကို သူနှစ်မြုပ်သွားသော နေရာလေးနှင့် မနီးမဝေးမှာဘဲ လူကြီးတစ်ယောက်က သွားတွေ့ပါသည်။ ကလေးမလေးသည် နွံ ထဲတွင် နှစ်မြုပ်သွားခြင်း ဖြစ်သော်ကြောင့် သူ၏အလောင်းကို နွံတွေကြားထဲမှာ ပြန်တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ ကလေးမလေးအား ကမ်းပေါ် ခေါ်တင်လာကြကာ အသက်ရှင်လို ရှင်ငြား ရေများ အန်ထွက်အောင် ဝိုင်းဝန်း ပြုစုကြပါသည်။ သို့သော် ကလေးမလေးကတော့ ပြန်လည် နိုးထမလာတော့ပါ။
သူမသည်လည်း ကလေးမလေးကို ပြန်တွေ့ပြီ ဖြစ်တာကြောင့် ကမ်းပေါ်သို့ နှေးကွေး လေးလံစွာ ပြန်လည်ကူးခပ် လာခဲ့သည်။ ကလေးမလေး အလောင်းနားကိုလည်း သွားမကြည့် ဖြစ်တော့ပါ။ ထို မြင်ကွင်းကို ကြည့်ဖို့လည်း သူမ အားမရှိသလို ကြည့်လည်း မကြည့်ချင်ပါ၊ ကြည့်လည်းမကြည့်ရက်ပါ ။ ကိုယ့်မျက်စိရှေ့မှာတင် အသက်ဆုံးရှုံးသွားသူ တစ်ဦးကို ကြည့်ဖို့လည်း သူမစိတ်က လုံခြုံမှု မရှိသလို ခံစားနေရသည်။ မျက်စိ ရှေ့မှောက်မှာဘဲ အသက်ရှင်ဖို့ အတွက် အတင်း ကြိုးစားရုန်းကန်ရင်း နှစ်မြုပ် သေဆုံးသွားခဲ့ရသော ကလေးမလေး၏ ပုံရိပ်က သူမ ရင်ကို ဆို့နင့်စွာ နာကျင်ခံစားနေရသည်။
တော်ပါသေးသည်။ ကမ်းစပ်မှာထားခဲ့သော သူမအိတ်နှင့် လွယ်အိတ်ကလေးမှာ ဒီအတိုင်းသာ ရှိနေသေးသည်။ သူမ၏ အိတ်ကို ကောက်လွယ်လိုက်ကာ ဖိနပ်စီးလိုက်ချိန်တွင်တော့ သူမ တစ်ကိုယ်လုံး ခြစ်ခြစ်တောက် ပူနေသည့် အသိကို ခံစားလိုက်ရသည်။ သူမ ဖျားနေပြီ။ ရေထဲတွင် ဘယ်လောက် ကြာသွားသည်ကို သူမကိုယ်တိုင် မစဉ်းစားမိသလို အမှတ်လည်း မထားမိနိုင်လောက်အောင် ပူလောင်စိုးရိမ်စိတ်တို့ဖြင့် ပြာယာခတ်နေခဲ့မိသည်။ သို့သော် ကလေးမလေး သေဆုံးရမှုတွင် သူမကိုယ်တိုင် အပြစ်ကင်းပါရဲ့လားဟု ပြန်တွေးမိတော့ ရင်ထဲ နာကျင်လို့လာသည်။
ရေနစ်နစ်ခြင်းသာ သူမ ကူးခတ်သွားကာ ကယ်လိုက်လျှင် ကလေးမလေး ဒီလို အဖြစ်ဆိုးနှင့် ကြုံမည် မထင်ချေ။ လှေသမားကိုမြင်လိုက်၍ ရပ်ကြည့်နေလိုက်သော သူမတွင်လည်း ကလေးမလေး အသက်ဆုံးရှုံးရမှုအတွက် တာဝန်ရှိသလို ခံစားနေမိပြန်သည်။ တစ်ကိုယ်လုံး တုန်ရီမူးဝေလာသော ကြောင့် သူမကိုယ်သူမ အသာထိန်းလိုက်ရင်း အားတင်းကာ ဆိုင်ကယ်ကို စက်နိုး၍ ဆိပ်ကမ်းမှ ထွက်ခွာလာတော့ ဆိုင်ကယ်မောင်းသည့် အရှိန်နှင့် တိုက်လာသော လေအေးအေးက သူမရင်ကို မအေးမြစေနိုင်တော့ပါ။ တစ်ကိုယ်လုံးလည်း ခြစ်ခြစ်တောက်အောင် ပူလောင်ရင်း သူမရင်ထဲမှာလည်း ဆုံးရှုံးသွားသော အသက်တစ်ချောင်းအတွက် ပူလောင်သော ခံစားချက်များဖြင့် ငိုကြွေးနေမိပါတော့သည်။
လှေသမားတော့ ဘယ်လိုခံစားရမည်မသိ။ သူမကတော့ လိပ်ပြာမလုံသလို၊ အပြစ်မကင်းသလို ခံစားနေရသော သည်မြင်ကွင်းကို ဘယ်အချိန် ဘယ်ကာလကြာသည့်တိုင်အောင် သူမ မေ့နိုင်မည် မထင်ပါ။ လူတစ်ယောက် သူမမျက်စိရှေ့မှောက်တွင် အသက်ဆုံးရှုံးသွားသည့် မြင်ကွင်းမျိုးလည်း ဘယ်သောအခါမှ ထပ်မံမမြင်တွေ့လိုပါဟု သူမ ရင်ထဲက ဆုတောင်းလိုက်မိပါသည်။
လင်းမြကြည်ဖြူ
၂၆.၁၀.၂၀၁၀
9 comments:
ရေကူးတက်တဲ့ မိန်းကလေးနဲ့ ရေမကူးတက်တဲ့ လှေသမားတို့ရဲ့ ကိုယ်ချင်းစာ တက်မှုကို ဖတ်ရင်း ခံစားသွားပါတယ်...
ဒီတစ်ပုဒ်ကို ဖတ်မိတာ ဘယ်အရာ မဆို ကိုယ်လုပ်နိုင်တာကို အချိန်မဆွဲပဲ ကိုယ်တိုင်ထလုပ်ခြင်းဟာ အကောင်းဆုံးဆိုတဲ့ သဘောတရားလေးတော့ ရလိုက်တယ်။
ခင်မင်စွာဖြင့်
ကိစ္စတစ်ခုပေါ်ကို စိတ်ချယုံကြည်မှုရဲ့ ရလဒ်လေးတစ်ခုပါပဲ။ လက်မတင်ကလေး အတွင်းမှာ အများကြီး ဖြစ်ပျက်သွားတတ်ကြတာ သဘာဝပါပဲ ။ရေကူးတတ်တဲ့ ကောင်မလေးနေရာမှာ ရေမကူးတတ်တဲ့ကောင်မလေး ဆိုရင်ကော....ဘယ်လိုတွေခံစားရမယ်မသိပါ။
စိတ်ဝင်စားဖို့ကောင်းတဲ့ စာတစ်ပုဒ်ပါပဲဗျာ :)
ခင်တဲ့(ဖိုးကြယ်)
တခါတလေကျရင် ဘယ်သူ့အပြစ်ပြောရမှန်း မသိတဲ့ လွဲချော်မှုတွေ ရှိနေတယ်။ ဒီလို အဖြစ်မျိုးပေါ့။ တစ်ယောက်ယောက်သာ လိပ်ပြာမလုံရစတမ်း ဆိုရင် လှေသမားပဲ ဖြစ်မယ်။
ဖြစ်ရပ်တစ်ခု ပြီးဆုံးချိန်မှာ လိပ်ပြာလုံမလုံ ဆိုတာ အဲဒီဖြစ်ရပ်ရဲ့ စလယ်ဆုံး ၃ ခုလုံးမှာ ကိုယ်ထားခဲ့တဲ့ စိတ်က အဓိက အဖြေပါပဲ။
ကျနော်သာ ဒီဇာတ်ကောင်မိန်းခလေး နေရမှာဆို လိပ်ပြာလုံမှာပဲ။ ရင်းလိုက်ရတဲ့ တန်ဖိုးက အသက်တချောင်း ဖြစ်နေလို့ နာကျင်စိတ်တော့ တော်တော်နဲ့ ပျောက်မယ် မထင်ဘူး။
လူသားဆန်တဲ့ ဝတ္ထုလေး ဖတ်ရတာ သဘောကျတယ်။ ရသ စာပေလေးတွေ ထပ်ရေးပါအုံး။ ဘလော့ပေါ်မှာက ရသ ဦးစားပေးရေးတာ သိပ်နည်းလို့ပါ။
အင်း...
ဖတ်ပြီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကို
လိပ်ပြာမလုံသလို ဖြစ်သွားတယ်
ဘ၀မှာ ဆင်တူယိုးမှားဖြစ်ရပ်တွေက
တိုက်ဆိုင်တတ်တာမျိုးကိုးဗျ
ကောင်းမလေးနေရာမှာ ကိုယ်သာဆိုလည်း
ခဏစောင့်ကြည့်နေလိုက်မိမယ်ထင်တယ်။
နှစ်ယောက်စလုံး အနည်းနဲ့အများ
နောင်တရကြမယ်နဲ့ တူပါတယ်.........
မချောလင့်ခ်ပေးလို့ လာဖတ်ဖြစ်တယ်....။
စာရေးကောင်းတဲ့ ဘလော့ဂ်ရေးဖော်တစ်ယောက်တိုးလာတာကို ၀မ်းသာမိတယ်ဗျာ.....။
မျှစ်ပြောသလိုပါပဲ....။
ရသစာပေလေးတွေ အများကြီးရေးနိုင်ပါစေ...။
ဝတ္တုလေးလည်းဖတ်လို့ကောင်းတယ်ဗျာ....။
ခင်မင်ခြင်းအားဖြင့်......
ဏီလင်းညို
ပို့လေးရဲ့ အနှစ်သာရရော ရသ ပေးတာလေးကိုရော နှစ်ခြိုက်မိတယ်..
တော်တော် ဆိုးတဲ့ အဖြစ်ပဲဗျာ.. အူကြောင်ကြားလှေသမားနဲ့ ကောင်မလေးကလည်း သူတပါးကို ယုံကြည်လွယ်လွန်းတယ် လို့ထင်တယ်.. အခြေအနေမဟန်ဘူးဆိုတာ အစောကတည်းကသိရင် ခုန်ဆင်းလိုက်သင့်တယ်.. ဘာပဲဖြစ်ဖြစ် အသက်တစ်ချောင်းက မသေသင့်ဘဲသေရတာ.. သေသွားတဲ့ လုကိုယ်တိုင်ကလည်း ရေကို နစ်လား တိမ်လား သေသေခြာခြာသိအောင် ကြိုမလုပ်ခဲ့တာလည်းပါတယ်..
Post a Comment